တရုတ်ကို ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ထရန့်က ပြင်ဆင်နေ

တရုတ်အရှေ့ဘက် ကျန်စုပြည်နယ်ရှိ လျန်ယွမ်ကန်ဆိပ်ကမ်း၌ ၂၀၁၄ ခုနှစ် ဧပြီ ၁၀ က ကုန်သေတ္တာများကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်၏ ဥာဏပစ္စည်းမူပိုင်ခွင့်များ ခိုးယူမှုအတွက် တရုတ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ် ၂၂ ရက်တွင် ကြေညာဖွယ်ရှိသည်။ အမေရိကန်နည်းပညာများနှင့် ဥာဏပစ္စည်းများကို ခိုးယူရန် တရုတ်အစိုးရက ဦးဆောင်၍ ဈေးကွက်ကို ဖိအားပေးမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် သမ္မတထရန့်သည် တရုတ်ကို ပိတ်ဆို့အရေးယူမှုများ ကြေညာမည်ဟု အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရာ့ဂ်ျရှားက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကလည်း ကြိုတင်လက်ဦးမှုရယူ၍ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တရုတ်၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုအားလုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

နိုင်ငံခြားမှ ထုတ်လုပ်တင်သွင်းသည့် သံမဏိများနှင့် အလူမီနီယံတို့ကို စည်းကြပ်ခွန်များကောက်ခံရန် ထရန့်က ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တရုတ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနိုင်ခြေနှင့် ပတ်သက်ပြီး စိုးရိမ်နေကြချိန်တွင် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက စိတ်ခံစားမှုဖြင့် ကုန်သွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို မဆောင်ရွက်ရန် ထရန့်အား မတ် ၂၀ ရက်တွင် သတိပေးခဲ့သည်။

တရုတ်သွင်းကုန်များကို စည်းကြပ်ခွန် ဒေါ်လာ ၃၀ ဘီလျံ ကောက်ခံရန် အကြံပြုထားသည့် အစီအစဉ်သည် သမ္မတ၏ စားပွဲပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက ပြောကြားထားသည်။

အမေရိကန်၏ ကုန်သွယ်ရေး မိတ်ဖက်များက လှည့်ဖျားနေမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ထရန့်က ကတိပေးထားသည်။ တရုတ်နှင့် ကုန်သွယ်ရာတွင် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုသည် ယမန်နှစ်က ဒေါ်လာ ၃၇၅ ဘီလျံထိ စံချိန်တင်ရှိခဲ့သည်။ သို့သော် တရုတ်သို့ အမေရိကန်၏ ပို့ကုန်တင်ပို့မှုသည်လည်း ယမန်နှစ်က စံချိန်တင်မြင့်တက်ခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ဥာဏပစ္စည်းမူပိုင်ခွင့်များကို အမေရိကန် ကုမ္ပဏီများက လွှဲပြောင်းပေးမှသာ တရုတ်တွင် လုပ်ငန်းဆောင်ရွက်နိုင်သည့် အခြေအနေမျိုး တရုတ်အစိုးရက ဖန်တီးနေသည်ဟု ၀ါရှင်တန်က စွပ်စွဲထားသည်မှာ ကြာပြီဖြစ်သည်။

တရုတ်သည် အမေရိကန်ကွန်ရက်များကို တရားမ၀င် ထိုးဖောက်ဝင်ရောက်ပြီး စီးပွားရေးလုပ်ငန်းများကို သူလျှိုဆောင်ရွက်ကာ အမေရိကန်၏ ဥာဏပစ္စည်း မူပိုင်ခွင့်များကို ခိုးယူရန် ကြိုးပမ်းနေကြောင်း အမေရိကန် တာဝန်ရှိသူများက စွပ်စွဲထားသည်။

Ref: AFP

အမေရိကန်မပါဝင်သော ပစိဖိတ်လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်စာချုပ်ကို နိုင်ငံ ၁၁ နိုင်ငံက လက်မှတ်ရေးထိုး

မတ် ၈ ရက်က ချီလီတွင် CPTPP သဘောတူညီချက်အား လက်မှတ်ထိုးပြီးနောက် နိုင်ငံ ၁၁ နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများ စုပေါင်းဓာတ်ပုံရိုက်နေစဉ် (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နုတ်ထွက်သွားခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒရာအနားသတ်မှ နိုင်ငံ ၁၁ နိုင်ငံသည် ပြန်လည်ပြင်ဆင်ထားသည့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကို မတ် ၈ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

Comprehensive and Progressive Agreement for Trans-Pcific Partnership(CPTPP) ဟု ယခုအခါ သတ်မှတ်ခဲ့သော ပစိဖိတ်လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်သည် ကုန်သွယ်မှုကို ပိုမို လွယ်ကူချောမွေ့စေပြီး အကောက်ခွန်များ လျော့ကျစေမည်ဖြစ်ကြောင်း ထောက်ခံသူများက ပြောကြားကြသည်။

ချီလီနိုင်ငံတွင် လက်မှတ်ရေးထိုးခဲ့သော CPTPP သဘောတူညီချက်တွင် သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့ ပါဝင်ပြီး ကမ္ဘာ့စီးပွား ရေး၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုမည်ဖြစ်သည်။ ယင်း ၁၁ နိုင်ငံ၏ ဈေးကွက်တွင် လူဦးရေ သန်း ၅၀၀ ရှိမည်ဖြစ်ပြီး ဥရောပသမဂ္ဂထက် ပို၍ကြီးသော ဈေးကွက်ဖြစ်မည် ဖြစ်သည်။

ဒေါ်နယ်ထရန့်က အမေရိကန်သို့တင်သွင်းသော သံမဏိနှင့် အလူမီနီယံတို့ကို စည်းကြပ်ခွန်များကောက်ခံရန် ဆုံးဖြတ်ချက်ကို လက်မှတ်မရေးထိုးမီ CPTPP ကို လက် မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယခုသဘောတူညီချက်သည် ကမ္ဘာကို နိုင်ငံရေးဆိုင်ရာ အချက်ပြမှုဆောင်ရွက်ခဲ့ခြင်ဖြစ်ပြီး CPTPP သည် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် ဖြစ်ကြောင်း အမေရိကန်ကို သတင်းပေးပို့လိုက်ခြင်းဖြစ်ကြောင်းလည်း ချီလီ၏ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရေးမှူး ဖိလစ်ပီလိုပီယန်ဒီယာက ပြောကြားခဲ့သည်။

CPTPP သည် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များအတွက် စံနှုန်းသစ်ချမှတ်ပေးမည်ဖြစ်ပြီး အနာဂတ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အေပက်တို့နှင့် စေ့စပ်ညှိနှိုင်းမှုများအတွက်လည်း စံများချမှတ်ပေးမည်ဖြစ်ကြောင်း ချီလီက ပြောကြားခဲ့သည်။