မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပုပ်ရဟန်းမင်းကို ဖိတ်ကြားထား

စက်တင်ဘာ ၁၉ ရက်တွင် ကိုရီးယားနှစ်နိုင်ငံ၏ ခေါင်းဆောင်များသတင်းအား ဆိုးလ်၌ မီဒီယာစင်တာတွင် ပြသနေစဉ် (Photo – AP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပုပ်ရဟန်းမင်းကို လာလည်ရန် ဖိတ်ကြားထားပြီး ပြုံယမ်း၏ သတင်းစကားကို ဗာတီကန်အား ပါးပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းသည် အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အတွင်း ဗာတီကန်သို့ သွားရောက်မည်ဖြစ်ပြီး ပုပ်ရဟန်းမင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထိုတွေ့ဆုံမှုတွင် ပုပ်ရဟန်းမင်းက ပြုံယမ်းသို့ လာလည်မည်ဆိုလျှင် ကင်ဂျုံအွန်က ကြိုဆိုသွားမည်ဖြစ်ကြောင်း ထက်ထက်သန်သန် ကြိုဆိုသွားမည်ဖြစ်ကြောင်း သတင်းစကားကို သမ္မတမွန်းက ပုပ်ရဟန်းမင်းထံ ဆောင်ကြည်းပေးမည်ဖြစ်ကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ကင်ဟွေကျုံက သတင်းထောက်များကို ပြောကြားသည်။

မွန်းဂျေအင်းသည် ဥရောပသို့ ၉ ရက် ကြာခရီးစဉ် သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ ၁၃ မှ ၂၁ ရက်အထိ ယင်းခရီးစဉ်အတွင်း ပြင်သစ်၊ အီတလီနှင့် ဒိန်းမတ်တို့ထံ သွားရောက်မည်ဖြစ်သည်။ မွန်းသည် ကင်ဂျုံအွန်နှင့် ဆက်ဆံရေးကို ပြန်လည်ချဉ်းကပ်နေပြီး သုံးကြိမ်တွေ့ဆုံထားပြီ ဖြစ်သည်။

ပြီးခဲ့သည့်လက ပြုံယမ်းသို့ သွားရောက်ခဲ့သော မွန်းသည် ကင်ဂျုံအွန်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး ထိုခရီးစဉ်အတွင်း တောင်ကိုရီးယားဂိုဏ်းအုပ် ဘုန်းတော်ကြီး ကင်ဟီးဂျုံ လိုက်ပါခဲ့သည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့် တွေ့ဆုံချိန်တွင် ကင်က ငြိမ်းချမ်းရေးတည်ဆောက်လိုသော ၎င်း၏ဆန္ဒကို ဗာတီကန်အား သိစေလိုကြောင်း ပြောကြားခဲ့သည်ဟု မွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

အထီးကျန်ပြီး ဆင်းရဲသော်လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယား၏ ငယ်ရွယ်သောခေါင်းဆောင် ကင်သည် ယခုနှစ် အစောပိုင်းမှစပြီး ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ချက်များကို ဆက်တိုက်ဆောင်ရွက်ခဲ့သည်။ ဇွန်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ပြီးခဲ့သည့်လက မွန်းနှင့်ထိပ်သီးဆွေးနွေးခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုများ လျှော့ချရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကင်က မွန်းနှင့်ထိပ်သီးတွင် အခိုင်အမာ ကတိပြုခဲ့သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များ ဖျက်ဆီးရေးနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်မည်ကို ရှင်းရှင်းလင်းလင်း မထုတ်ဖော်သေးပေ။

မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာရေးလွတ်လပ်ခွင့်ကို ကတိပေးထားသော်လည်း နိုင်ငံတော်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအပြင်ဘက်တွင်ရှိနေသော ဘာသာရေးလှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကန့်သတ်တားမြစ်ထားသည်။ ကိုရီးယားနှစ်ခြမ်းမကွဲခင် ၂၀ ရာစု အစောပိုင်း၌ ပြုံယမ်းသည် သာသနာပြု ဘုရားကျောင်းများနှင့် စည်ကားခဲ့သောဘာ သာရေးဗဟိုချက်တစ်ခု ဖြစ်ခဲ့သည်။ ခရစ်ယာန်အသိုင်းအ၀ိုင်း စည်ပင်ခဲ့သောကြောင့် အရှေ့၏ ဂျေရုဆလင်ဟုပင် တင်စားခံခဲ့ရသည်။

မြောက်ကိုရီးယားကို တည်ထောင်သူ ကင်အီဆွန်းက ခရစ်ယာန်ဘာသာသည် ၎င်း၏ အာဏာရှင်အုပ်စိုးမှုအတွက် ခြိမ်းခြောက်မှုဟု ရှုမြင်ခဲ့ပြီး ဖိနှိပ်ခဲ့သည်။

Ref; AFP

ဒုတိယမြောက် ထိပ်သီးကျင်းပရန် ကြိုးပမ်းနေသည့် ကင်ဂျုံအွန်ထံမှ ပေးစာတစ်စောင်ကို ထရန့်က လက်ခံရရှိ

စက်တင်ဘာ ၁၀ ရက်တွင် ပြုံယမ်းရှိ မန်ဆူဒဲအနုပညာပြတိုက်သို့ သွားရောက်ခဲ့သည့် ကင်ဂျုံအွန်(လယ်)နှင့် ဇနီးဖြစ်သူ (ယာ)တို့ကို တွေ့ရစဉ် (Photo – AFP)

စင်ကာပူတွင် ပထမဆုံးအကြိမ် သမိုင်းဝင်ထိပ်သီး ကျင်းပခဲ့အပြီး နောက်ထပ်ထိပ်သီးကို ကျင်းပရန် ကြိုးပမ်းနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ အလွန်အပြုသဘောဆောင်သော ပေးစာတစ်စောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်ခံရရှိခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုစာသည် အလွန်နွေးထွေးပြီး အပြုသဘောဆောင်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးအား အာရုံစိုက်ရန် ပြုံယမ်း၏ ဆက်လက်ကတိပြုထားမှုကို သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ်က ပြောကြားခဲ့သည်။

ထိုစာ၏ မူလရည်ရွယ်ချက်မှာ ထရန့် နှင့် နောက်ထပ်ထိပ်သီးတစ်ခုကျင်းပရန်ဖြစ်ပြီး ထိုကိစ္စအတွက် တံခါးဖွင့်ထားပြီး ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ဆန်းဒါးစ်က သီတင်းပတ်သုံးပတ်နီးပါးအတွင်း အိမ်ဖြူတော်တွင် ပထမဆုံးအကြိမ် သတင်းထုတ်ပြန်မှု၌ ပြောကြားခဲ့သည်။ ထိုစာသည် ပြုံယမ်းနှင့် ၀ါရှင်တန်တို့အကြား ဆက်ဆံရေး၌  တိုးတက်မှုရှိကြောင်း၊ နောက်ထပ်သက်သေတစ်ခုဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်ဆံရေးတိုးတက်မှုရှိခြင်းအတွက်  ၀မ်းမြောက်ကြောင်း ဆန်းဒါးစ်က ပြောကြားခဲ့ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်းအတွက် ထရန့်သည် ချီးကျူးဂုဏ်ပြုမှုနှင့် ထိုက်တန်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက အမေရိကန်ဓား စာခံများအား ပြန်လွှတ်ပေးခြင်း၊ ကိုရီးယားစစ်ပွဲတွင် သေဆုံးခဲ့သည်ဟု ယူဆရသည့် အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို ပြန်လွှဲပေးခြင်း၊ နျူကလီးယားနှင့် ဒုံးစမ်း သပ်မှုများအား ရပ်ဆိုင်းထားခြင်းတို့ အပါအ၀င် မကြာသေးမီလများအတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ၌ တိုးတက်မှုရရှိခဲ့သည့် အခြေအနေများကို အိမ်ဖြူတော်က မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၉ ရက်၌ မြောက်ကိုရီးယားက နိုင်ငံထူထောင်မှု နှစ် (၇၀) ပြည့် အခမ်းအနားတွင် ဧရာမစစ်ရေးပြမှု၌ တိုက်ချင်းပစ်ဒုံးများအား ထည့်သွင်းပြသခြင်း မပြုခဲ့ပေ။

မြောက်ကိုရီးယား၏ ယင်းလုပ်ရပ်သည် အလွန်ကြီးကျယ်ပြီး အပြုသဘောဆောင်သည့် ထုတ်ပြန်မှုဖြစ်ကြောင်း ထရန့်က ကင်၏ လုပ်ရပ်ကို Twitter  တွင် ချီးကျူးပြောကြားခဲ့သည်။

ထရန့်-ကင် ထိပ်သီးအား ၀ါရှင်တန်တွင် မည်သည့်အချိန်၌ ကျင်းပမည်နည်းဟု  သတင်းထောက်များက မေးမြန်းခဲ့ရာ ဆန်းဒါးစ်က နောက်ထပ်အသေးစိတ် အချက်အလက်များရရှိလျှင် ထုတ်ပြန်ပေးမည်ဟုသာ ဖြေကြားခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ထပ်ခြေလှမ်းများကို အိမ်ဖြူတော်က မျှော်လင့်နေကြောင်း ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က ပြောကြားခဲ့စဉ်  ကင်ထံမှ စာလက်ခံရရှိကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ သမ္မတနှစ်ဦးကြား နောက်ထပ် ထိပ်သီးဆွေးနွေးပွဲကို ယခုနှစ်ကုန်မတိုင်မီ ကျင်းပနိုင်ခြေရှိကြောင်း၊ သို့သော် နျူကလီးယားဖျက်သိမ်းရန် လုပ်ရပ်များကို မြောက်ကိုရီးယားကသာ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘိုတန်က ပြောကြားခဲ့သည်။

Ref ; AFP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ထံမှ အပြုသဘောဆောင်သည့် စာတစ်စောင်ရရှိရန် ထရန့် မျှော်မှန်းနေ

စက်တင်ဘာ ၅ ရက်တွင် ပြုံယမ်း၌ တောင်ကိုရီးယား အထူးသံတမန်ကို စကားပြောနေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ် (Photo : AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ အပြုအသဘောဆောင်သည့် စာအသစ်တစ်စောင်ကို ရရှိရန် မျှော်လင့်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ထရန့်သည် ထိုသို့ ပြောကြားခဲ့ခြင်းဖြင့် သီတင်းပတ်ပေါင်းများစွာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ပေါ်၌ နျူကလီးယား ကင်းစင်စေရေးအတွက် ဆွေးနွေးမှုများမှာ အသက်ဝင်နေသေးသည့် အကြောင်းကို ရည်ညွှန်းခဲ့ခြင်းလည်း ဖြစ်သည်။

“ကင်ဂျုံအွန်ထံကနေ ကျွန်တော့်ဆီကို ပုဂ္ဂိုလ်ရေးစာတစ်စောင် ပို့လိုက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီစာကို နယ်စပ်မှာ ပေးခဲ့တာပါ” ဟု ထရန့်က ၎င်းနှင့်အတူ မြောက်ဒါကိုတာသို့ သွားရောက်ခဲ့သည့် သတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒါဟာ အပြုသဘောဆောင်တဲ့ စာတစ်စောင် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရန့်က ဖြည့်စွက်ပြောခဲ့သည်။

ယင်းစာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ၎င်းထံသို့ ယူလာပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ထရန့်က ဆိုသည်။ ပွန်ပီယိုသည် စက်တင်ဘာ ၆ ရက်ကလည်း ကင်ထံမှ ထုတ်ပြန်ချက် တစ်စောင်ကို ယူဆောင်ခဲ့သေးသည်။ ယင်းထုတ်ပြန်ချက်ထဲ၌ ကင်က နျူကလီးယား ဖျက်သိမ်းရေး စေ့စပ်ဆွေးနွေးမှုများတွင် အခက်အခဲများ ရှိနေသော်လည်း ၎င်းအနေနှင့် ထရန့်အပေါ် ယုံကြည်မှု ရှိနေသေးသည်ဟု ပြောကြားထားသည်။

“သူကျွန်တော့်ကို ပြောတာနဲ့ ပတ်သက်ပြီး ဒါဟာ အရမ်းကို အကောင်းဘက်ကို ဦးတည်တဲ့ ထုတ်ပြန်ချက် တစ်ခုပါ။ ဒီထက်ပိုပြီး အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်မျိုး မရှိတော့ပါဘူး” ဟု ထရန့်က ဆိုသည်။

ကင်က ထိုသို့ ပြောကြားခဲ့သည်ကို သတင်းခေါင်းစီးများအဖြစ် မတင်ခဲ့ကြကြောင်း ထရန့်က မီဒီယာများကို စွပ်စွဲခဲ့သေးသည်။ “ရိုးရိုးသားသား ပြောရရင် ခင်ဗျားတို့ သတင်းစာတွေရဲ့ ရှေ့မျက်နှာဖုံးမှာ အဲဒီအကြောင်းကို မတွေ့လိုက်ပါဘူး” ဟု ထရန့်က ဆိုခဲ့သည်။

ထရန့်သည် စင်ကာပူတွင် ကင်ဂျုံအွန်နှင့် ထိပ်သီးအစည်းအဝေး ပြုလုပ်ပြီးကတည်းက ရရှိခဲ့သည့် တိုးတက်မှုများကို ချီးကျူးခဲ့သေးသည်။ “ကျွန်တော်တို့ ဓားစာခံတွေ ပြန်လွတ်လာတယ်။ ဒီကြားထဲမှာလည်း ဘာ ဒုံးကျည်၊ ဒုံးပျံ၊ နျူကလီးယား စမ်းသပ်မှုတွေမှာလည်း မရှိဘူး။ ဒီအကြောင်းတွေကို ကျွန်တော်ပြောနေတာ အခေါက်ပေါင်းရာနဲ့ ချီနေပြီ” ဟု ထရန့်က ပြောကြားခဲ့သည်။

ကင်ဂျုံအွန်သည် စက်တင်ဘာ ၆ ရက်က တောင်ကိုရီးယားမှ အထူးသံတမန် တစ်ဦးနှင့် တွေ့ဆုံစဉ်ကလည်း နျူကလီးယား ဖျက်သိမ်းရေး ရည်မှန်းချက်အတွက် စိတ်ပိုင်းဖြတ်ထားကြောင်းကို ထပ်မံပြောကြားခဲ့သည်။ ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့သည်လည်း စက်တင်ဘာ ၁၈-၂၀ ရက်တို့တွင် ပြုံယမ်း၌ တွေ့ဆုံကြဦးမည် ဖြစ်သည်။ “ကိုရီးယား ကျွန်းဆွယ်ပေါ်က နျူကလီးယား ဖျက်သိမ်းရေးကို သိရှိနားလည်အောင် မြောက်ရော၊ တောင်ပါပိုပြီး ကြိုးပမ်းအားထုတ် သင့်ပါတယ်” ဟု ကင်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

Ref : AFP

ကင်ဂျုံအွန်က မြောက်ကိုရီးယား၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပြစ်တင်ရှုတ်ချ

သြဂုတ် ၂၁ ရက်တွင် KCNA က ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံ၌ Myohyansan ဆေးဘက်အသုံးအဆောင် ထုတ်လုပ်သည့်စက်ရုံအား စစ်ဆေးနေသည့် ကင်ဂျုံအွန်အား တွေ့ရစဉ် (Photo – AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုများအား ရှုတ်ချခဲ့ပြီး တာဝန်ရှိသူများသည်  တက်ကြွမှုကင်းမဲ့ပြီး တာဝန်လည်းမခံကြကြောင်း ဝေဖန်ခဲ့သည်ဟု အစိုးရမီဒီယာက သြဂုတ် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

နျူကလီးယားလက်နက်များအား ရရှိရန် ကြိုးပမ်းမှုများကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများစွာ ချမှတ်ခံထားရသည့် ဆင်းရဲနိမ့်ကျပြီး အထီးကျန်သော မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာအလွန်အမင်း ရှားပါးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဆိုးရွားမှု၏ဒဏ်ကို ခံစားနေရကြောင်း အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအေဂျင်စီများက ပြောကြားခဲ့သည်။ ဆေးရုံများတွင် ဆေးဝါး၊ ကိရိယာ နှင့် လေ့ကျင့်ပေးထားသောဝန်ထမ်းများလည်း ကင်းမဲ့နေဟု ၎င်းတို့က ဆိုသည်။

ပြည်သူများအား ပိုမိုကောင်းမွန်သော ဘ၀ရရှိစေရန်အတွက် ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း မြောက်ကိုရီးယားအစိုးရက ပုံမှန်ထုတ်ပြန်လေ့ရှိချိန်တွင် ကင်က ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ထုတ်လုပ်သည့် စက်ရုံတစ်ရုံသို့ သွားရောက်စဉ် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ကဏ္ဍအချို့၌ တစ်ဟုန်ထိုး တိုးတက်မှုများရှိခဲ့သော်လည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင်မူ တိုးတက်မှုလုံးဝမရှိခဲ့ဘဲ ပို၍ပို၍ တုံ့ဆိုင်းနေခဲ့ကြောင်း Myohyansan ဆေးဘက်အသုံးအဆောင်များ ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်စဉ် ကင်ဂျုံအွန်က အပြစ်တင်ခဲ့သည်ဟု အစိုးရသတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် ခေါင်းဆောင်များ၏ ယင်းကဲ့သို့ လမ်းညွှန်မှာကြားခရီးစဉ်များအား အစိုးရမီဒီယာများတွင် ပုံမှန်ဖော်ပြလေ့ရှိပြီး အာဏာပိုင်များက ပြည်သူများအား သတင်းစကားပေးသည့် အဓိကအစိတ်အပိုင်း ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက် မှုစနစ်တိုးတက်စေရန် လိုအပ်ကြောင်း အာဏာရအလုပ်သမားပါတီက အလေးပေး ပြောကြားခဲ့သော်လည်း တာဝန်ရှိသူများသည် ပျင်းရိလေးတွဲ့ပြီး တာဝန်ယူမှုမရှိကြကြောင်း ကင်က ပြောကြားခဲ့သည်။

ကိုရီးယားဘာသာဖြင့် ထုတ်ပြန်မှုတွင် ကင်က ထိုတာဝန်ရှိသူများသည် အချိန်အကြာကြီး နှေးကွေးလေးကန်နေမှုအတွက် ဒေါသတကြီး ဝေဖန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ တိရစ္ဆာန်များသည် တစ်နှစ်လျှင် တစ်ကြိမ်သာ ဆောင်းခိုကြသော်လည်း ကျန်းမာရေးကဏ္ဍတွင်မူ နှစ်ပေါင်းများစွာ မလှုပ်မယှက်နေခဲ့ကြပြီး အနှစ်မဲ့သော ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြကြောင်း ကင်က အပြစ်တင်ခဲ့သည်။

ပြီးခဲ့သောဇွန်တွင် စင်ကာပူ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သမိုင်းဝင်ထိပ်သီး ကျင်းပခဲ့ပြီးနောက်ပိုင်း ကင်က စီးပွားရေးတိုးတက်ရေးကို အာရုံစိုက်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များနှင့် စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့သည်။ မြောက်ကိုရီးယားက ၎င်းအား ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်က နျူကလီးယားဖျက်သိမ်းမှု မပြီးစီးသရွေ့ ပိတ်ဆို့အရေးယူမှုများ ဆက်လက်ထားရှိရန် နိုင်ငံတကာကို တိုက်တွန်းထားသည်။

Ref ; AFP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သမ္မတ ထရန့်ထံ နောက်ထပ် စာတစ်စောင်ပေးပို့ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အမေရိကန် သမ္မတဒေါ်နယ်ထရန့်ထံ နောက်ထပ် စာတစ်စောင်ပေးပို့ခဲ့ကြောင်း အိမ်ဖြုတော်က သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သော်လည်း စာထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ဖွင့်ဟခဲ့ခြင်း မရှိချေ။ ထရန့်၏ မြောက်ကိုရီးယား နျူလက်နက်ဖျက်သိမ်းရေး ရည်မှန်းချက်တိုးတက်မှုများအပေါ် အများပြည်သူ အာရုံစိုက်မှုနည်းပါးလာခြင်း နှင့်အတူ ဇွန် ၁၂ တွင် ကျင်းပခဲ့သော နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပြီးနောက် ယင်းစာလွှာကို ရရှိခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ “သမ္မတထရန့်ဆီ ခေါင်းဆောင်ကင်ပေးပို့လိုက်တဲ့စာကို သြဂုတ် ၁ ရက်မှာ ရရှိခဲ့ပါတယ်။ အကြီးအကဲ နှစ်ဦးရဲ့ စာအပြန်အလှန် ပေးပို့ဆက်သွယ်မှုက စင်ကာပူမှာသူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ အမေရိကန်-မြောက်ကိုရီးယားပူးတွဲ ကြေညာချက်မှာ ပါဝင်တဲ့ ကတိပြုချက်တွေကို ရှေ့ဆက်တက်လှမ်းဖို့အတွက် ရည်ရွယ်နေပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါးစ်က ပြောကြားခဲ့သည်။ ကိုရီးယား စစ်ပွဲအတွင်း သေဆုံးခဲ့သော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများကို ယခုသီတင်းပတ်တွင် ပေးပို့ခဲ့မှုအတွက် ကင်အား ကျေးဇူးတင်ကြောင်း၊ ကင်၏ကောင်းမွန်သော ပေးစာအတွက်လည်း ကျေးဇူးတင်ကြောင်း ထရန့်က Twitter ပေါ်တွင် ရေးသားခဲ့သည်။

Ref ; AFP

ကင်ဂျုံအွန်ထံမှ အလွန်ကောင်းမွန်သည့် စာတစ်စောင်ရရှိဟု ထရန့်က ထုတ်ဖော်ပြောကြား

ဇူလိုင် ၆ ရက်တွင် မြောက်ကိုရိးယားခေါင်းဆောင် ကင်ဂျုံအွန်က ထရန့်သို့ ပေးပို့ခဲ့သော စာ (ကိုရိးယားဘာသာဖြင့် -၀ဲပုံ) နှင့် (အင်္ဂလိပ်ဘာသာပြန်-ယာပုံ) တို့ကို ပေါင်းစပ်ထားစဉ် (Photo – AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကင်ဂျုံအွန်ထံမှ စာတစ်စောင်ရရှိသည့်အကြောင်း ဇူလိုင် ၁၂ ရက်က Twitter ၌ ရေးသားခဲ့ခြင်းဖြင့် မြောက်ကိုရီးယား နျူကလီးယားအရေးနှင့်ပတ်သက်၍ ကြိုးပမ်းနေမှုများအပေါ် အကောင်းမြင်စိတ်ရှိနေသေးသည့်အကြောင်း နောက်တစ်ကြိမ် ထပ်မံအချက် ပြခဲ့သည်။

စာပိုဒ်လေးပိုဒ်ပါဝင်ပြီး မြူးမြူးကြွကြွ ပျော်ပျော်ရွှင်ရွင်ပုံစံဖြင့် ရေးသားထားသော ကင်ဂျုံအွန်၏ယခုစာတွင် ဇူလိုင် ၆ ရက် နေ့စွဲတပ်ထားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးမိုက်ပွန်ပီယိုသည်လည်း မကျေလည်သေးမှုများကို ဆွေးနွေးရန် ထိုဇူလိုင် ၆ ရက်ကပင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ စာထဲ၌ ကင်ဂျုံ အွန်က အနာဂတ်သစ်တစ်ခုကို မျှော်လင့်ကြောင်းနှင့် ထရန့်အပေါ် ၎င်းဘက်မှ မပြောင်းလဲသည့် ယုံကြည်မှုရှိသည့်အကြောင်းတို့ကို ရေးသားထားခဲ့သည်။

“မြောက်ကိုရီးယားဥက္ကဋ္ဌကြီး ကင်ဂျုံ အွန်ထံကရတဲ့ အလွန်ကောင်းမွန်တဲ့ စာတစ်စောင်ပါ။ ကြီးကျယ်တဲ့တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ထရန့်က Twitter ပေါ်၌ ရေးသားခဲ့ပြီး စာမိတ္တူကိုလည်း တွဲတင်ခဲ့သေးသည်။

ပူးတွဲထုတ်ပြန်ချက်တစ်ခု ထုတ်နိုင်ခဲ့သော ဇွန် ၁၂ ရက် စင်ကာပူထိပ်သီး အစည်းအဝေးကိုလည်း ကင်က ‘အဓိပ္ပာယ်ရှိသော ခရီးတစ်ခု၏ အစ’ ဟု ဖော်ညွှန်းခဲ့သည်ဟု သိရသည်။ “ခိုင်မာတဲ့စိတ်ဓာတ်၊ စစ်မှန်တဲ့ ကြိုးပမ်းမှုတို့နဲ့အတူ အမေရိကန်နဲ့မြောက်ကိုရီးယားတို့ ယုံကြည်ထားကြတဲ့အနာဂတ်သစ်ကို လမ်းပွင့်စေဖို့ ကျွန်တော်နဲ့ ဂုဏ်သရေရှိ  သမ္မတကြီးတို့ရဲ့ သူမတူတဲ့ ချဉ်းကပ်မှုတွေအပေါ် ခိုင်ခိုင်မာမာ ယုံကြည်မှုရှိပါတယ်” ဟု ကင်က ရေးသားထားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်၊ ပူးတွဲထုတ်ပြန်ချက်ကို ယုံယုံကြည်ကြည် အကောင်အထည်ဖော်ရန် ထရန့်၏အလွန်ထူး ကဲတက်ကြွသည့် ကြိုးပမ်းမှုများအတွက် နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ကြောင်းလည်း ကင်က ဆိုခဲ့သည်။ ထို့ပြင် ကင်၏ စာထဲ၌ ထရန့်သည် လက်တွေ့ကျသည့် လုပ်ရပ်များဖြင့် အနာဂတ်လုပ်ငန်းစဉ်များအား ပိုမိုခိုင်မာစေရန် လုပ်ဆောင်လိမ့်မည်ဟု ပြောင်းလဲမှုမရှိဘဲ ယုံကြည်သည့်အကြောင်းလည်း ထည့်သွင်းရေးထားခဲ့သည်။

ပွန်ပီယိုသည် နှစ်ရက်ကြာမြင့်ခဲ့သော ၎င်း၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း ဆွေးနွေးမှုများမှာ တိုးတက်မှုရှိခဲ့ပြီးကောင်းမွန်သည့် ယုံကြည်မှုဖြင့်လုပ်ဆောင်နေကြောင်း ပြောကြားသွားခဲ့သည်။ သို့သော် ပွန်ပီယို ပြန်သွားပြီးနာရီပိုင်းအကြာမှာပင် မြောက်ကိုရီးယားထံမှ ဆန့်ကျင်ဘက်ထုတ် ပြန်ချက်တစ်ခုထွက်လာခဲ့သည်။ ယင်းထုတ်ပြန်ချက်၌ အမေရိကန်သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို လူဆိုးဂိုဏ်းသဖွယ် တစ်ဖက်သတ် တောင်းဆိုမှုများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနာဂတ်အား ထိခိုက်စေခဲ့သည်ဟု သတိပေးခဲ့သည်။

အမေရိကန်နှင့်ဆွေးနွေးပွဲသို့ မရောက်လာ          ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်းက သေဆုံးခဲ့သော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများကို ပြန်လွှဲပေးရေးအတွက် ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော ဆွေးနွေးပွဲသို့ မြောက်ကိုရီးယားဘက်မှ  အရာရှိများမရောက်လာဟု သိရသည်။

ပင်တဂွန်မှ အဖွဲ့နှင့် မြောက်ကိုရီးယားတို့ ဇူလိုင် ၁၃ ရက်ဝန်းကျင်တွင် ကိုရီးယား နှစ်နိုင်ငံနယ်စပ်၌ ဆွေးနွေးရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယားတို့သည် ထိုနေ့မွန်းလွဲပိုင်းသို့ရောက်မှဖုန်းခေါ်ပြီး ဆွေး နွေးပွဲကို ဇူလိုင် ၁၅ ရက် အထိ ရွှေ့ဆိုင်းလိုက်သည်ဟု ပြောခဲ့သည်ဟု သိရသည်။

Ref; AFP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တရုတ်သို့ နှစ်ရက်ကြာခရီး ထပ်မံသွားရောက်

ဇွန် ၁၉ ရက်က ပေကျင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် လိုက်ပါလာသည်ဟု ယူဆရသော ယာဉ်တန်းကို တွေ့ရစဉ် (Photo – AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် မမျှော်လင့်ထားသော သမိုင်းဝင်ထိပ်သီးကို ကျင်းပခဲ့ပြီးနောက် တစ်ပတ်အကြာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပေကျင်းသို့ နှစ်ရက်ကြာ ခရီးစဉ်လာ ရောက်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက  ဇွန် ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြားစေ့စပ်ညှိ နှိုင်းသူနေရာအား ပိုမိုခိုင်မာစေရန် တရုတ်က ကြိုးပမ်းနေစဉ် ကင်၏တရုတ်ခရီးစဉ် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ယခင်ခရီးစဉ်တွင် ကင်နေထိုင်ခဲ့သော ပေကျင်းရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတစ်ဝိုက်ရှိ လမ်းများတွင် ဇွန် ၁၉ ရက် မွန်းတည့်၌ လုံခြုံရေးဗင်ကားများ၊ ရဲကားများနှင့် သံချပ်ကာယာဉ် ဒါဇင်များစွာက စောင့်ကြပ်နေခဲ့ကြောင်း သိရသည်။ ဇွန် ၁၉ ရက် နံနက်တွင် ပေကျင်းသို့ရောက်ရှိလာဖွယ်ရှိဟု ယူဆရသော ကင်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်တွေ့ဆုံရန် ပြည်သူ့ခန်းမဆောင်သို့ သွားရောက်မည်ဖြစ်သည်။ ကင်သည် ဇွန် ၂၀ ရက်အထိ ပေကျင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း တရုတ်အစိုးရရုပ်သံ CCTV က ဖော်ပြခဲ့သည်။

ယခုခရီးစဉ်သည် ပြီးခဲ့သောမတ်တွင် ကင်က ပထမဆုံး ပြည်ပခရီးစဉ်ထွက်ခွာခဲ့ပြီးနောက်ပိုင်း တရုတ်သို့ တတိယအကြိမ်မြောက် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောသီတင်းပတ်တွင် ပြုလုပ်ခဲ့သော ထရန့်နှင့် ထိပ်သီးဆွေးနွေးပွဲအကြောင်းအား ဆွေးနွေးမှုအပြင် ကင်သည် ရှီနှင့်တွေ့ ဆုံစဉ်အတွင်း နျူကလီးယားဖျက်သိမ်းမည်ဟု ၎င်း၏ကတိပြုမှုအတွက် အပြန်အလှန်အားဖြင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအား ဖြေလျှော့ပေးရန်အတွက် တရုတ်က ကူညီပေးရန် တောင်းဆိုမည်ဟု မျှော်လင့်ရကြောင်း ဂျပန်စီးပွားရေးနေ့စဉ်သတင်းစာ နစ်ကေးက ဖော်ပြခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တစ်ပတ်ခန့်က စင်ကာပူတွင် ထရန့် -ကင် သမိုင်းဝင်ထိပ်သီး အပြီး၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားအား စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ချထားခြင်းကို ဖြေလျှော့ပေးရန် စဉ်းစားနိုင်ကြောင်း တရုတ်က အဆိုပြုခဲ့သည်။ စင်ကာပူထိပ်သီးတွင် တရုတ်က ပါဝင်ဖွယ်မရှိသော်လည်း နောက်ကွယ်မှ ကြီးမားသောသြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်သည်။

သမိုင်းဝင်ထိပ်သီးအပြီးတွင် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များအား စိစစ်အတည်ပြုနိုင်ပြီး နောက်ပြန်လှည့်၍မရသော အလုံးစုံဖျက်သိမ်းမှုကို လုပ်ဆောင်ရန် အမေရိကန်၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်ရန်အတွက် ရှီနှင့် ကင်တို့က အရေးတကြီးဆွေးနွေးရမည်ဖြစ်ကြောင်း ပေကျင်းအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးသုံးသပ်သူဟွာဖိုက ပြောကြားခဲ့သည်။ အမေရိကန်၏ တောင်းဆိုချက်အား ကင်ကလက်ခံရန် ခက်ခဲဖွယ်ရှိကြောင်း၊ ယင်းအတွက် တရုတ်နှင့် မြောက်ကိုရီးယားတို့က အမေရိကန်နှင့် ရှေ့ဆက်ကိုင်တွယ်မည့် အရေးနှင့်ပတ်သက်၍ အလုံးစုံ မဟာဗျူဟာကို ပုံဖော်ရန်နှင့် ဆက်ဆံရေးကို ခိုင်မာအားကောင်းစေရန် လိုလားနေကြောင်း ဟွာက ပြောကြားခဲ့သည်။

နျူကလီးယားဖျက်သိမ်းမည်ဟု ကင်၏ ကတိပြုမှုအတွက် ထရန့်ကလည်း တောင်ကိုရီးယားနှင့်နှစ်စဉ်ပြုလုပ်နေကျ အဓိက ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းသွားမည်ဟု ကြေညာခဲ့ရာ ယင်းသည် ပေကျင်း၏ သြဇာလွှမ်းမိုးမှုရှိကြောင်း ရှင်းလင်းသော လက္ခဏာတစ်ခုဟု လေ့လာသူများက ရှုမြင်ခဲ့ကြသည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးစီမံကိန်းများအား ရပ်ဆိုင်းရမည့် နှစ်လမ်းသွား အဆိုပြုမှုကို ပေကျင်းက ကာလရှည်ကြာအကြံပြုခဲ့သည်။

Ref ; AFP

အာဘေး-ကင် ထိပ်သီးဖြစ်မြောက်လာရန်အတွက် ဂျပန်က ကြိုးပမ်းနေ

ဇွန် ၁၄ ရက်က ဆိုးလ်ရှိ သမ္မတအိမ်ပြာတော်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို (၀ဲ)အား တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း (ယာ)က တွေ့ဆုံနေစဉ် (Photo: AFP)

ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ကင်တို့အကြား ထိပ်သီးကို ပြင်ဆင်နိုင်ရန်အတွက် ဂျပန်က လုပ်ဆောင်နေကြောင်း ဂျပန်မီဒီယာများက ဇွန် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် စင်ကာပူတွင် သမိုင်းဝင်ထိပ်သီးပြုလုပ်စဉ် ကင်က အာဘေးနှင့် ဆွေးနွေးပွဲဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြောင်း ဆန်ကေးရှင်ဘွန်းသတင်းစာက ဖော်ပြခဲ့သည်။ ထရန့်နှင့်တွေ့ဆုံမှုအတွင်း ကင်က သူသည် ဂျပန်ဝန်ကြီးချုပ်အာဘေးနှင့် တွေ့ဆုံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ထိုသတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သောဆယ်စုနှစ်များစွာက မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့သော ဂျပန်နိုင်ငံသားများ၏ စိတ်လှုပ်ရှားဖွယ်ကိစ္စကို တွန်းအားပေးရန်အတွက် ဆွေးနွေးရန် ဂျပန်က လိုလားနေသည်။ မကြာသေးမီလများအတွင်း သံတမန်ရေးရာ ကြိုးပမ်းမှု အရှိန်အားကောင်းခဲ့သော်လည်း ထိုကိစ္စသည် အနည်းငယ်သာ လှုပ်ရှားမှုရှိခဲ့သည်။ ပြုံယမ်း၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် အာဘေးက မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲ၌ ထိုကိစ္စကို တွန်းအားပေးသွားမည်ဟု ဇွန် ၁၄ ရက်တွင် ထပ်မံ ကတိပြုခဲ့သည်။

မြောက်ကိုရီးယားက ၎င်း၏သူလျှိုများအား လေ့ကျင့်ပေးရာတွင် ကူညီနိုင်ရန် ၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲမှုကိစ္စကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ကာလရှည်ကြာ ဆိုးရွားခဲ့သည်။ ဂျပန်အစိုးရက ပြန်ပေးဆွဲခံခဲ့ရသူ ၁၇ ဦး စာရင်းအား တရားဝင် ထုတ်ပြန်ခဲ့သော်လည်း ဒါဇင်များစွာ ဖမ်းဆီးခံခဲ့ရသည်ဟု ခန့်မှန်းထားကြသည်။

ထိုပြန်ပေးဆွဲခံရမှုကိစ္စသည် မည်သည့်တိုးတက်မှုမျှ မရရှိခဲ့လျှင် ထိပ်သီးကျင်းပမှုသည် အဓိပ္ပာယ်မဲ့သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ သြဂုတ်တွင် ပြုံယမ်းသို့ အာဘေးက သွားရောက်ခဲ့မှု အပါအ၀င် ဖြစ်နိုင်ခြေ အများအပြားကို ဂျပန်အစိုးရတာဝန်ရှိသူများက ချိန်ဆနေကြသည်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ လာမည့်စက်တင်ဘာတွင် ရုရှား၌ကျင်းပမည့် ညီလာခံ၏ ဘေးဆွယ်တွေ့ဆုံမှုတွင် အာဘေးက ကင်ကို တွေ့ဆုံမှုဖြစ်ကြောင်း ဆန်ကေးရှင်ဘွန်းက ဖော်ပြခဲ့သည်။ ထရန့်နှင့် တွေ့ဆုံချိန်တွင် ကင်က အာဘေးနှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း ပြသခဲ့သည်ဟု ဂျပန်မီဒီယာ အများအပြားက ဖော်ပြခဲ့ကြသည်။

အာဘေး-ကင်ထိပ်သီး ဖြစ်မြောက်လာရန်အတွက် အစီအစဉ်များ ရေးဆွဲနိုင်ရန် ဂျပန်အစိုးရတာဝန်ရှိသူများသည် ယခုသီတင်းပတ်အတွင်း မွန်ဂိုလီးယား၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကွန်ဖရင့်တွင် မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

အာဘေးက လာမည့်သြဂုတ်တွင် ပြုံယမ်းသို့သွားရောက်ရန် အခက်အခဲရှိနိုင်ပါက စက်တင်ဘာတွင် ရုရှားနိုင်ငံ ဗလာဒီဗိုစတော့၌ ကျင်းပမည့် Eastern Economic Forum ၏ဘေးဆွယ် တွေ့ဆုံမှု၌ ဆွေးနွေးနိုင်ကြောင်း ယိုမီယူရီ သတင်းစာက ဖော်ပြခဲ့သည်။

Ref: AFP

အမေရိကန်သည် မြောက်ကိုရီးယားထံ လုံခြုံရေးအာမခံများ၊ ရင်းနှီးမြှုပ်နှံမှုများပေးရန် အသင့်ရှိနေဟု ပွန်ပီယိုပြောကြား

မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီက မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ယာ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကို တွေ့ရစဉ် (Photo – AFP)

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူ ကလီးယားလက်နက်များကို စွန့်လွှတ်ရန် မဟာဗျူဟာကျသော ရွေးချယ်မှုကို လုပ်ဆောင်ခဲ့ပါက အမေရိကန်သည် မြောက်ကိုရီးယားသို့ လုံခြုံရေးအာမခံချက်နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အလျှံအပယ်ကိုပေးရန် အသင့်ဖြစ်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ ထိပ်သီးတွေ့ဆုံပွဲမပြုလုပ်မီ အချင်းချင်းနှစ်လိုဖွယ် ဆွဲဆောင်မှုများ ပြုလုပ်လျက်ရှိကြသည်။ မေ ၁၂ ရက်ကပင် မြောက်ကိုရီးယားက ယခုလနှောင်းပိုင်း၌ ၎င်း၏ ပန်ဂျီရီနျူကလီးယား စမ်းသပ်ရေးစခန်းကြီးကို မီဒီယာများရှေ့မှောက်တွင် ဖောက်ခွဲပြမည်ဟု ဆိုထားသည်။

အမေရိကန်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပါဝင်လာမှုကို ယုံကြည်မှုရှိသည်ဟု ကင်နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဖူးပြီးပြီဖြစ်သည့် ပွန်ပီယိုက Fox News သို့ မေ ၁၃ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လုံခြုံရေးအာမခံချက်ကို ပေးမှာဖြစ်ပါတယ်။ ဒါဟာ ၂၅ နှစ်ကြာအောင် ဆိုင်းငံ့နေတဲ့ အပေးအယူတစ်ခု ဖြစ်ပါတယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။

“ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက်လည်း ကျွန်တော်တို့ရဲ့ မျက်စိကို ကျယ်ကျယ်ဖွင့်ထားပါတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌကင်ဟာ  မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခု လုပ်ဆောင်ဖို့ လိုလားတယ်လို့ ကျွန်တော်တို့ဘက်က ထက်သန်တဲ့ မျှော်လင့်ချက်ရှိပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

စွမ်းအင်နှင့် အခြေခံအဆောက်အအုံ

သဘောတူညီချက် ရရှိသွားပါက မြောက်ကိုရီးယား၏ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ နည်းပညာ၊ စိုက်ပျိုးရေး ကဏ္ဍတို့တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးခြင်းတို့နှင့်အတူ အမေရိကန်ထံမှ ရင်းနှီးမြှုပ်နှံမှုများ အလျှံအပယ်ထွက်လာနိုင်ကြောင်းလည်း ပွန်ပီယိုက မက်လုံးပေးထားသည်။

သို့သော် ထိုအကျိုးကျေးဇူးများ စတင်ရောက်မလာမီမြောက်ကိုရီးယားက နျူကလီးယားဖျက်သိမ်းရေးကို ပြီးစီးအောင် ဦးစွာလုပ်ရမည်ဖြစ်သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က အခြားရုပ်သံမေးမြန်းခန်းတစ်ခုထဲ၌ သတိပေးခဲ့သည်။ နျူကလီးယားဖျက်သိမ်းရေးတွင် မြောက်ကိုရီးယား၏ ယူရေနီယံ သန့်စင်ရေးအဆောက်အအုံများကို ရှင်းလင်းပစ်ခြင်း၊ နျူကလီးယားလက်နက်များကို ဖျက်သိမ်းခြင်းတို့ ပါဝင်ကြောင်း ဘိုတန်က ဆိုသည်။

“မြောက်ကိုရီးယားရဲ့ ပရိုဂရမ်ကြီးဟာ တအား ကျယ်ပြန့်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး” ဟု ဘိုတန်က ABC ၏ This Week အစီအစဉ်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယား၏ နျူကလီးယား၊ ဒုံးကျည်စီမံကိန်းများအပြင် ဓာတုနှင့် ဇီဝလက်နက်များ ဖျက်သိမ်းရေးအတွက်ပါ ဆွေးနွေးသွားလိမ့်မည်ဖြစ်ကြောင်း ဘိုတန်၏ ပြောကြားချက်အရ သိရသည်။

ယခုလာမည့် ထိပ်သီးဆွေးနွေးပွဲသည် ထရန့်က ကင်ဂျုံအွန်ကို နားလည်သဘောပေါက်စေရန်နှင့် ကတိများကို အစစ်အမှန် ဟုတ်၊ မဟုတ် သိစေရန် အစောပိုင်း အခွင့်အရေးတစ်ခုဟု ဘိုတန်က ဆိုသည်။

Ref ; AFP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ကိုယ်ပိုင်လေယာဉ် Air Force Un

မေ ၉ ရက်က တရုတ်နိုင်ငံ တာ့လျံမြို့မှ ပြန်လည်မထွက်ခွာမီ ကင်ဂျုံအွန်က နှုတ်ဆက်နေစဉ် (Photo: AFP)

ယခုသီတင်းပတ်တွင် ကင်ဂျုံအွန် တရုတ်သို့သွားရောက်ရာ၌ စီးခဲ့သည့်လေယာဉ်ကို Chammae-1 (သို့မဟုတ်) မြောက်ကိုရီးယား၏ အမျိုးသား အထိမ်းအမှတ် ငှက်အမည် Goshawk-1 ဟု တရားဝင် သိရှိထားသော်လည်း မြောက်ကိုရီးယားခေါင်းဆောင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို “Air Force Un” ဟု ပို၍ ခေါ်ဆိုနိုင်ခြေရှိသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ရုံးသုံးအမည်နှင့် အလံပါဝင်သည့် သက်တမ်းရင့် ဆိုဗီယက်ထုတ် ယင်းလေယာဉ်သည် လွန်ခဲ့သည့် လေးနှစ်က ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့သည်။ ကင်သည် မြောက်ကိုရီးယားနိုင်ငံတစ်ဝန်း ခရီးစဉ်များစွာကို အဆိုပါလေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

ဂျက်လေယာဉ်၏ အတွင်းပိုင်း မြင်ကွင်းများကို မြင်ရခဲသော်လည်း လက်ကိုင်ပါသော အမွှေးပွသားရေထိုင်ခုံတွင် ကင်ထိုင်နေပြီး လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် လက်ဝှေ့ယမ်းပြသနေသည့်ပုံကို မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာ Rodong Sinmun က မေ ၉ ရက်တွင် ဖော်ပြခဲ့သည်။

စစ်အေးခေတ် Ilyushin-62 လေယာဉ်ကို နိုင်ငံ၏ အထိမ်းအမှတ် အနီရောင်နှင့် အ၀ါရောင်တို့ဖြင့် တန်ဆာဆင်ထားပြီး ကင်၏အဓိကနိုင်ငံရေးအမည်ဖြစ်သော “Chairman of the State Affairs Commission” ဆိုသော ဂုဏ်ပုဒ်ကို ရေးထိုးထားသည်။

ကင်ဂျုံအွန်၏ အဘိုးဖြစ်သူ ကင်အီဆွန်းသည် ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံ၏ သမ္မတရာထူးကို ရာသက်ပန် ရယူထားဆဲဖြစ်သောကြောင့် အသက် ၃၀ ကျော်အရွယ်ရှိ ကင်သည် ယင်းနိုင်ငံ၏သမ္မတ မဖြစ်ခဲ့ပေ။

ကင်၏ ယခုသီတင်းပတ် တရုတ်နိုင်ငံခရီးစဉ်သည် ၂၀၁၁ ခုနှစ်တွင် အာဏာဆက်ခံခဲ့ပြီးနောက်ပိုင်း လေယာဉ်ဖြင့် သွားရောက်ခဲ့သည့် ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ကင်သည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မတ်တွင် ပေကျင်းသို့ ရထားဖြင့် သွားရောက်ခဲ့သည်။

ကင်၏ လေယာဉ်သည် ဇိမ်ခံပရိဘောဂများ ထည့်သွင်းထားသော်လည်း ၎င်း၏သက်တမ်းကြောင့် လေယာဉ်၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်ပြီး လေ့လာစိစစ်သူများက သံသယဖြစ်ခဲ့ပြီး ယင်းလေယာဉ်ကို ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

ဓာတ်ပုံများတွင် တယ်လီဖုန်းနှင့်ဆင်တူသည့် ကြေးနန်းကိရိယာ၊ ယာဉ်တွင်းဆက်သွယ်သည့် ကိရိယာနှင့် Router တစ်ခုတို့ကို အရောင်တင်ထားသည့်သစ်သား စားပွဲခုံတစ်ခုတွင် သေသပ်စွာ စီတန်းထားပုံ၊ ကင်က ငွေရောင်လက်တော့ပ်၏ရှေ့တွင် ထိုင်နေပုံတို့ကို ပြသထားသည်။ ခရီးလမ်းကြောင်းကို ပြသသည့် ရောင်စုံမော်နီတာကို ကင်၏ထိုင်ခုံအနီးရှိ ပြတင်းပေါက်ပေါ်တွင် တပ်ဆင်ထားပုံရသည်။

ကင်နှင့် ၎င်း၏ဇနီးသည် ဂျက်လေယာဉ်မှ ကော်ဇောနီပေါ်ဆင်းလာသည့် ပထမဆုံးဓာတ်ပုံသည် ၂၀၁၄ ခုနှစ် မေတွင် ထွက်ရှိခဲ့သည်။ ယင်းနောက်ပိုင်း ကင်သည် ပြည်တွင်းသို့ လေယာဉ်ဖြင့် ပုံမှန်သွားလာလေ့ရှိပြီး သူ၏ဖခင် အင်ဂျုံအီနှင့် ဆန့်ကျင်ဘက်အဖြစ် လေယာဉ်ဖြင့် ခရီးသွားလာခြင်းကို စွဲလမ်းကြောင်း ပြသခဲ့သည်။ ကင်ဂျုံအီသည် လေယာဉ်စီးခြင်းကို မနှစ်သက်ဘဲ ၎င်းအုပ်ချုပ်ခဲ့သည့် ၁၇ နှစ်ကြာကာလအတွင်း ပြည်ပခရီးစဉ်များကို လုံခြုံရေးမြင့်သည့် ရထားများဖြင့် သွားရောက်ခဲ့သည်။

Ref: AFP