လီဗာပူးလ်အသင်း တတိယ၀တ်စုံသစ်ကို မိတ်ဆက်ပြသခဲ့ပြီး လာမည့်ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် စတင်ဝတ်ဆင်မည်

Photos: Dailymail

 

လီဗာပူးလ်အသင်းသည် ရာသီသစ်တွင် အသုံးပြုမည့် တတိယ၀တ်စုံသစ်ကို ကော်တင်ဟို၊ မီလ်နာ၊ လယ်လာနာ၊ မစ်ဂနိုလတ် စသည့်ကစားသမားများနှင့် မိတ်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။

ယင်းဝတ်စုံ၏အရောင်မှာ လိမ္မော်ရောင်ဖြစ်သော်လည်း လီဗာပူးလ်အသင်းကမူ ရှောက်ချိုသီးရင့်ရောင်ဟု ဖွင့်ဆိုခဲ့သည်။

လီဗာပူးလ်အသင်းသည် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ဟောင်ကောင်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရာသီကြိုဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Premier League Asia Trophy ကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပွဲဦးထွက်အဖြစ် ဇူလိုင်(၁၉)၌ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် တတိယ၀တ်စုံသစ်ကို ပထမဆုံးအကြိမ် ၀တ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် ယင်းဝတ်စုံကို စတင်ရောင်းချပေးနေပြီဖြစ်ပြီး ပေါင်(၅၀)တန်နှင့် ပေါင်(၉၀)တန်ဟူ၍ နှစ်မျိုးနှစ်စားခွဲခြားရောင်းချလျက်ရှိကြောင်းလည်း သိရှိရသည်။