၂၀၁၈ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်များ ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည် အိမ်ရှင်မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ရန် သြစတြေးလျအသင်းနှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိ

အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် အိမ်ရှင်မြန်မာ ယူ-၂၂ (ဓာတ်ပုံ - ညီညီစိုးညွန့်)
အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ၂၀၁၈ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်များကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းခြေစစ်ပွဲတွင် မြန်မာအသင်းနှင့်အတူ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
 
AFC သည် ခြေစစ်ပွဲအုပ်စုပွဲများကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (D) တစ်ခုတည်းကိုသာ ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပလျက်ရှိသည်။ ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၃၉ သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၁၀ ခုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။ ခြေစစ်ပွဲတွင် ပထမနေရာရရှိသည့် ထိပ်ဆုံး ၁၀ သင်းနှင့် အုပ်စုဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးငါးသင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်အသင်းသည် ခြေစစ်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မည့် ၁၅ သင်းတွင် ပါဝင်ခဲ့ပါက အကောင်းဆုံးအုပ်စု ဒုတိယနေရာရသည့် အဆင့် (၆) အသင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် စင်ကာပူ၊ ဘရူနိုင်း အသင်းတို့နှင့်ပွဲများတွင် အမှတ်ပြည့်ရယူထားနိုင်ရန် လိုအပ်နေပြီး သြစတြေးလျအသင်းနှင့် နောက်ဆုံးပွဲတွင် အနိမ့်ဆုံးသရေတစ်မှတ်ရရန် လိုအပ်သလို အကယ်၍ ရှုံးနိမ့်ခဲ့လျှင်လည်း ဂိုးပြတ်မရှုံးရန် လိုအပ်ကြောင်း သိရသည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၆ ပြိုင်ပွဲ ခြေစစ်ပွဲတွင် ရှေ့နှစ်ပွဲအနိုင်ရထားသော်လည်း နောက်ဆုံးပွဲတွင် သြစတြေးလျကို (၁-၅) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ကာ ခြေစစ်ပွဲမအောင်မြင်ခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယင်းခြေစစ်ပွဲကို တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အာရှထိပ်သီး သြစတြေးလျအသင်းနှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။