မြန်မာ-စင်ကာပူ ခြေစစ်ပွဲတွင် အာဇာနည်ခေါင်းဆောင်များအတွက် ၀မ်းနည်းခြင်း တစ်မိနစ်ငြိမ်သက်မည်

KBZ Bank Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ပထမနေ့တွင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ပွဲမကစားမီ တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့၌ကျင်းပမည့် အာရှယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F) ပထမနေ့ဒုတိယပွဲဖြစ်သည့် အိမ်ရှင်မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ပွဲမတိုင်မီ မြန်မာအာဇာနည်ခေါင်းဆောင်များအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံ့ခေါင်းဆောင်များ ကွယ်လွန်ခဲ့သည့် အာဇာနည်နေ့ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာနှင့် စင်ကာပူပွဲမတိုင်မီ ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခွင့်ရရန်နှင့် လက်ပတ်အမည်း ၀တ်ဆင်ခွင့်ရရှိရန် AFC ထံတောင်းဆိုခဲ့ရာ ဇူလိုင် ၁၅ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ပွဲမတိုင်မီ ကျဆုံးခဲ့ပြီဖြစ်သည့် အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သည်။ အာရှယူ-၂၃ ခြေစစ်ပွဲအုပ်စု (F) ပွဲစဉ်များကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် ပထမပွဲ၊ ညနေ ၆ နာရီတွင် ဒုတိယပွဲကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲအုပ်စုပွဲစဉ်အားလုံးကို သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ MFF သည် အာရှ ယူ-၂၃ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၄ ပြိုင်ပွဲအတွက်ခြေစစ်ပွဲကို ၂၀၁၂ ခုနှစ်ကသုဝဏ္ဏကွင်း၌ လက်ခံကျင်းပခဲ့ဖူးကြောင်း သိရသည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် ယူ-၂၂ အသင်းဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်ဇူလိုင် ၁၉ ရက်တွင်လုပ်ကြံခံခဲ့ရပြီး ယခုနှစ်တွင် နှစ် (၇၀) ပြည့်မြောက်မည်ဖြစ်ကြောင်း သိရသည်။