မန်စီးတီးအသင်းသို့ ဝေါ်လ်ကာ ပေါင် (၅၄) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဈေးအကြီးဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်

မန်စီးတီးအသင်းသည် စပါးအသင်း ညာနောက်ခံလူ ဝေါ်လ်ကာကို ပေါင် (၅၄) သန်းဖြင့် ခေါ်ယူခဲ့ပြီး ဝေါ်လ်ကာမှာ ဘောလုံးသမိုင်း တစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ယခင်က ဘောလုံးသမိုင်း တစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူအဖြစ် ၂၀၁၄ ခုနှစ်အတွင်းက ချယ်လ်ဆီး မှ PSGသို့ ပေါင်သန်း (၅၀) ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဒေးဗစ်လူးဝစ်ဇ်က မှတ်တမ်းဝင်ခဲ့ပြီး ယခုအခါ ဝေါ်လ်ကာက ယင်းပြောင်းရွှေ့ကြေး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ဝေါ်လ်ကာသည် အင်္ဂလန်ကစားသမားများထဲတွင် ပြောင်းရွှေ့ကြေး အမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် စတာလင် (ပေါင် ၄၉သန်း လီဗာပူးလ်မှ မန်စီးတီး) ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ဝေါ်လ်ကာကို (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ဝေါ်လ်ကာသည် မန်စီးတီးအသင်းတွင် တစ်ပတ်လစာ ပေါင် (၁၃၀၀၀၀) အထိ ရရှိမည် ဖြစ်သည်။ ဝေါ်လ်ကာက-မန်စီးတီးအသင်းနဲ့ စာချုပ် ချုပ်ခွင့်ရခဲ့လို့ စိတ်လှုပ်ရှားမိပြီး အသင်းသစ်အတွက် အမြန်ဆုံး ကစားလိုနေပါပြီ။ နည်းပြ ဂွါဒီယိုလာဟာ ဘောလုံးလောကမှာ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး သူ့အနေနဲ့ ကျွန်တော့်ကို နောက်ထပ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့သည်။



 

Writer: 
REF:Daily Mail