မြန်မာလူငယ်အသင်းများနှင့် အင်တာမီလန်လူငယ်အသင်း ခြေစမ်းပွဲကစားမည့်ရက် သတ်မှတ် ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့် မြန်မာ ယူ-၂၂ အသင်း သြဂုတ် ၁၂ ရက်တွင် ပထမခြေစမ်းပွဲ စတင်ကစားမည်

မြန်မာ ယူ-၂၂ အသင်း လေ့ကျင့်နေစဉ် (၀ဲပုံ) နှင့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၈ အသင်း (ယာပုံ) (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာလူငယ်အသင်းများနှင့် အင်တာမီလန်လူငယ်အသင်းတို့၏ ခြေစမ်းပွဲကစားမည့်ရက်များ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းခြေစမ်းပွဲများကို သြဂုတ် ၁၂၊ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
    
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပထမခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး သြဂုတ် ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ MFF သည် ခြေစမ်းပွဲကစားရန် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း၊ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမည့် မြန်မာ ယူ-၁၈ အသင်းတို့ကို ရွေးချယ်ထားပြီး မြန်မာ ယူ- ၁၈ အသင်းနှင့် ခြေစမ်းပွဲကိုမူ သြဂုတ် ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲ နှစ်ပွဲစလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ကွင်းဝင်ကြေးများကို MFF ကထပ်မံထုတ်ပြန် ကြေညာမည်ဖြစ်သည်။ အင်တာမီလန်လူငယ်အသင်းနှင့် ခြေစမ်းပွဲမှာ မြန်မာ ယူ-၂၂ အသင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ နောက်ဆုံးကစားမည့် ခြေစမ်းပွဲဖြစ်ပြီး ယင်းခြေစမ်းပွဲ ယှဉ်ပြိုင်ကစားပြီးပါက ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မလေးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းသည် MFF နှင့် မိတ်ဖက်ဆောင်ရွက်ခွင့်ရရန် ပြီးခဲ့သည့်နှစ်ကတည်းက ကြိုးပမ်းခဲ့သော်လည်း အပြီးသတ် သဘောတူညီမှုမရသေးဘဲ ခြေစမ်းပွဲကစားရန် ပထမအဆင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ MFF သည် ယင်းခြေစမ်းပွဲကို မူလက မန္တလေးမြို့၌ ကျင်းပရန်စီစဉ်ခဲ့သော်လည်း အင်တာမီလန်အသင်းနှင့် သဘောတူညီမှုမရခဲ့သောကြောင့် ရန်ကုန်မြို့၌သာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
    
ခြေစမ်းပွဲကစားမည့် မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ပြင်သစ်နိုင်ငံသား ဘန်လာဘီက ကိုင်တွယ်လျက်ရှိပြီး ပြိုင်ပွဲများအတွက် ပြင်ဆင်ရန် သြဂုတ်တွင် ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်သည်။