သြဂုတ် ၁၂ ရက် စတင်မည့် ၂၀၁၇-၂၀၁၈ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ရေးဆွဲထုတ်ပြန်

၂၀၁၆-၂၀၁၇ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်း ဆုဖလားနှင့် အောင်ပွဲခံနေစဉ် (Photo - AFP)

ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် ၂၀၁၇- ၂၀၁၈ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ဇယားကို ဇွန် ၁၄ ရက်တွင် ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ရာသီကို သြဂုတ် ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အဖွင့်ပွဲစဉ် (၁) တွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းက ဘန်လေနှင့် အိမ်ကွင်း၌လည်းကောင်း၊ ယူရိုပါလိဂ်နှင့် လိဂ်ဖလားချန်ပီယံ မန်ယူအသင်းက ၀က်စ်ဟမ်းနှင့် အိမ်ကွင်း၌လည်းကောင်း၊ FA ဖလားချန်ပီယံ အာဆင်နယ် အသင်းက လက်စတာနှင့် အိမ်ကွင်း၌လည်းကောင်း၊ စပါးအသင်းက တန်းတက်နယူးကာဆယ်နှင့် အဝေးကွင်း၌လည်းကောင်း၊ မန်စီးတီးအသင်းက လိဂ်ချန်ပီယံရှစ်ချန်ပီယံ ဘရိုက်တန်နှင့် အဝေးကွင်း၌လည်းကောင်း၊ လီဗာပူးလ်အသင်းက ၀က်ဖို့ဒ်နှင့် အဝေးကွင်း၌လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ပွဲစဉ် (၂) မှာပင် စပါးနှင့် ချန်ပီယံ ချယ်လ်ဆီးအသင်းတို့ ၀င်ဘလေကွင်း (စပါးအသင်း၏ ယာယီအိမ်ကွင်း) ၌ ဆုံတွေ့နေပြီး ပွဲစဉ် (၃) တွင် လီဗာပူးလ်-အာဆင်နယ်၊ ပွဲစဉ် (၄) တွင် မန်စီးတီး-လီဗာပူးလ်၊ ပွဲစဉ် (၅) တွင် ချယ်လ်ဆီး-အာဆင်နယ်၊ ပွဲစဉ် (၇) တွင် ချယ်လ်ဆီး-မန်စီးတီး၊ ပွဲစဉ် (၈) တွင် လီဗာပူးလ်-မန်ယူ၊ ပွဲစဉ် (၉) တွင် စပါး-လီဗာပူးလ်၊ ပွဲစဉ် (၁၀) တွင် မန်ယူ-စပါး၊ ပွဲစဉ် (၁၁) တွင် ချယ်လ်ဆီး-မန်ယူ၊ မန်စီးတီး-အာဆင်နယ်၊ ပွဲစဉ် (၁၂) တွင် အာဆင်နယ်-စပါး၊ ပွဲစဉ် (၁၃) တွင် လီဗာပူးလ်- ချယ်လ်ဆီး စသည့် ချန်ပီယံပြိုင်ဘက်အသင်းများ ထိပ်တိုက်ဆုံတွေ့လျက်ရှိသည်။ ထို့ပြင် မန်ချက်စတာဒါဘီ ပထမအကျော့အဖြစ် ဒီဇင်ဘာ ၉ ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၊ ဒုတိယအကျော့အဖြစ် ဧပြီ ၇ ရက်တွင် အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရာသီပိတ်ပွဲစဉ် (၃၈) ကို မေ ၁၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန်ရရှိရန် ယခုရာသီထက် တစ်ပတ်စော၍ ပြီးဆုံးမည်ဖြစ်သည်။

ချန်ပီယံဆုဆွတ်ခူးရရှိရန် မန်စီးတီးအသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး ချန်ပီယံ ချယ်လ်ဆီး၊ မန်ယူ၊ စပါး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အစဉ်လိုက် ရပ်တည်နေသည်။

ပွဲစဉ် (၁) (၁၂/၁၃-၈-၂၀၁၇)

အာဆင်နယ်     - လက်စတာ
ဘရိုက်တန် - မန်စီးတီး
ချယ်လ်ဆီး - ဘန်လေ
ပဲလေ့စ် - ဟတ်ဒါဖီးလ်
အဲဗာတန် - စတုတ်စီးတီး
မန်ယူ - ၀က်စ်ဟမ်း
နယူးကာဆယ် - စပါး
ဆောက်သမ်တန် - ဆွမ်ဆီး
ဝက်ဖို့ဒ် - လီဗာပူးလ်
ဝက်စ်ဘရွန်း - ဘုန်းမောက်