မကာအိုကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့မြန်မာ

မကာအို - မြန်မာပွဲမြင်ကွင်း (Photo-MFF)

၂၀၁၉ အာရှဖလား တတိယအဆင့် ခြေ စစ်ပွဲ အုပ်စု (က) ဒုတိယပွဲအဖြစ် မကာအိုနှင့် မြန်မာအသင်းတို့ ဇွန် ၁၃ ရက်က မကာအို၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာ အသင်းသည် ယခုပွဲအနိုင်ရခဲ့သောကြောင့် အာရှဖလားခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့် ချက်ရှိလာခဲ့သည်။ ဇွန် ၇ ရက်က တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ် ပျက်ကျရာတွင် ကွယ်လွန်ခဲ့သူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပွဲမစမီ တစ်မိနစ် ငြိမ်သက် ခဲ့သည်။

မြန်မာအသင်းသည် ကျော်ဇင်ထက်(ဂိုး)၊ ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ ၀င်းမင်းထွဋ်၊ သိန်း သန်းဝင်း၊ ရန်အောင်ကျော်၊ တင်ဝင်းအောင်၊ ရန်နိုင်ဦး၊ စည်သူအောင်၊ ကျော်ကိုကို၊ အောင် သူတို့ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက အိမ်ရှင် မကာအိုအသင်းကို ဖိအားပေးကစားနိုင်ခဲ့ သည်။ ပွဲအစ ၃ မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် စည်သူအောင်က အဝေးမှကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။

မကာအိုအသင်းမှာလည်း အိမ် ကွင်း၌ ရလဒ်ကောင်းရန် တိုက်စစ်ဖွင့်ကစားခဲ့ ပြီး ပထမပိုင်းတွင် မြန်မာအသင်းဂိုးပေါက်ကို ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ချေပဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံ ပိုကောင်းလာပြီး စည်သူအောင်၏ ဘယ်ခြမ်း မှ အဓိကတိုက်စစ်ဆင်ခဲ့သည်။ ၂၉ မိနစ်တွင် မြန်မာအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး အောင်သူ၏ ဖန်တီးပေးမှုမှတစ်ဆင့် ကျော်ကို ကိုက အနီးကပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ကစား သမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး မင်းမင်းသူ၊ မျိုးကိုထွန်းနှင့် ကျော်ဇင်လွင်တို့ကို ထည့် သွင်းအသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင်လည်း ခြေအသာဖြင့် ဖိကစား နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သည်။ ၅၁ မိနစ်တွင် အောင်သူ၊ ၅၈ မိနစ်တွင် မင်းမင်း သူတို့ အပိုင်အခွင့်အရေးများ အသုံးမချနိုင်ခဲ့ သော်လည်း ၆၁ မိနစ်တွင် စည်သူအောင်က တတိယဂိုးသွင်းယူခဲ့သည်။ တတိယဂိုးပေးလိုက် ရပြီးနောက် မကာအိုအသင်း ကစားကွက်ပျက် သွားခဲ့ပြီး မြန်မာအသင်းအတွက် စတုတ္ထဂိုးကို ၇၃ မိနစ်တွင် မင်းမင်းသူက သွင်းယူခဲ့သည်။

ယခုပွဲအပြီးတွင် မြန်မာအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ သုံးမှတ်ရရှိထားပြီး မကာအို အသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စုတတိယပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။