ပရီးမီးယားလိဂ် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ခရစ္စတယ်ပဲလေ့စ် - ဟားလ်စီးတီး (၁၄-၅-၂၀၁၇ ၊ ညနေ ၅း၃၀)

ပဲလေ့စ်က နောက်ဆုံး (၃) ပွဲဆက် ရှုံးခဲ့လို့ တန်းဆင်းဇုန် အန္တရာယ်အတွက် နည်းနည်း စိုးရိမ်နေရသေးတယ်။ ဒါပေမဲ့ အဓိကပြိုင်ဘက် ဖြစ်နေတာက ဟားလ်စီးတီးဖြစ်ပြီး သရေကစားရုံနဲ့ လွတ်ပါပြီ။ ဟားလ်စီးတီး အစွမ်းကုန် ရုန်းကန်မှာ ဖြစ်ပေမယ့် ပဲလေ့စ် ရလဒ် ကောင်းလိမ့်မယ်။

■ ၀က်စ်ဟမ်း - လီဗာပူးလ် (၁၄-၅-၂၀၁၇ ၊ ည ၇း၄၅)

ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ်မှာ မရှုံးတာ (၅) ပွဲ ရှိသွားပြီ။ ခံစစ်မှတ်တမ်းက တော်တော်လေး ကောင်းလာတာ တွေ့ရပြီး နောက်ဆုံး (၃)ပွဲဆက် ဂိုးမပေးခဲ့ရဘူး။ လီဗာပူးလ် တိုက်စစ်ကိုလည်း ထိန်းချုပ်နိုင်မယ် ထင်တယ်။ လီဗာပူးလ် ရုန်းကန်ရမယ်။ သရေ ကျသွားနိုင်တယ်။

■ စပါး - မန်ယူ (၁၄-၅-၂၀၁၇ ၊ ည ၁၀း၀၀)

စပါးအသင်းရဲ့ကွင်းမှာ ကစားရမယ့် မန်ယူအတွက်တော့ အရမ်းခက်ခဲဦးမယ့် အနေအထားပါ။ ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရရင် ဒီပွဲကို အပြည့်အ၀ အာရုံစိုက်မှာဖြစ်ပေမယ့် ဗိုလ်လုပွဲ တက်သွားရင်တော့ ဒီပွဲအပေါ် အာရုံစူးစိုက်မှု လျော့ပါးသွားနိုင်ပါတယ်။ လူစုံထုတ်ပြီး ကစားရင်တောင် စပါကွင်းမှာ နိုင်ဖို့မလွယ်တဲ့ အနေအထားမှာ အခုလို အနေအထားမျိုးနဲ့က မန်ယူအတွက် ပိုပြီးခက်ခဲနိုင်တယ်။ စပါးနဲ့ မန်ယူက ခံစစ်ကစားပုံချင်း သိပ်မကွာပေမယ့် စပါးက အင်ပြည့်အားပြည့် အနေအထားဖြစ်ပြီး မန်ယူက ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာ ရှိနေပါတယ်။ ကွင်းလယ်မှာလည်း မန်ယူကွင်းလယ်က လိုအပ်ချက်တွေရှိနေပြီး စပါးကွင်းလယ်ကို ယှဉ်နိုင်ဖို့မလွယ်ဘူး။ တိုက်စစ်ပိုင်းမှာလည်း ဒယ်လီအယ်လီ၊ အဲရစ်ဆင်၊ ဟာရီကိန်းတို့ရဲ့ စပါးတိုက်စစ်ကပိုပြီး အားရစရာကောင်းတယ်။ အဝေးကွင်းပွဲစဉ်ဖြစ်သလို၊ ပရီးမီယားလိဂ်ကနေ အဆင့် (၄) နေရာ ၀င်ဖို့ကိုလက်လျှော့လိုက်ပြီ ဖြစ်တဲ့ အနေအထားကြောင့် စပါးကွင်းမှာ မန်ယူယှဉ်နိုင်မှာ မဟုတ်ဘူး။ သရေလောက် ခံကစားဖို့ ရည်ရွယ်လာမှာ ဖြစ်ပေမယ့် စပါးပဲ နိုင်သွားဖို့ များပါတယ်။

■ ပွဲကြို အချက်အလက်များ

- စပါးအသင်းသည် ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး (၁၈) ပွဲတွင် (၁၇) ပွဲ အထိ နိုင်ပွဲရရှိခဲ့ပြီး (၁၁)ပွဲအထိ Clean Sheet ရရှိခဲ့သလို၊ (၂)ဂိုးနှင့် အထက် သွင်းယူနိုင်သည့် ပွဲမှာလည်း (၁၇) ပွဲ အထိရှိခဲ့သည်။

- မန်ယူအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး (၁၆) ပွဲတွင် (၁၄) ပွဲမှာ (၂)သင်းပေါင်း သွင်းဂိုး (၂) ဂိုးနှင့် အောက်သာ ရှိခဲ့သည်။

- မန်ယူအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး (၉)ပွဲတွင် (၆)ပွဲအထိ Clean Sheet ရရှိခဲ့ပြီး (၁) ပွဲသာ ရှုံးနိမ့်ခဲ့သည်။

- စပါးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်အိမ်ကွင်း ရှုံးပွဲမရှိသေးသည့် (၁)သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေသည်။