အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် ရွန်နီအား မန်ယူအသင်း အလိုက်ပေး ကမ်းလှမ်းဖွယ်ရှိ

Photos: Daily Mail

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် လာမည့် နွေရာသီအပြောင်းအရွှေ့၌ အဲဗာတန်အသင်း တိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် ဦးစားပေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ယင်းကြိုးပမ်းမှုတွင် အသင်းဂန္ထ၀င် တိုက်စစ်မှူး ရွန်နီအား အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သိရသည်။

အဲဗာတန်အသင်းသည် လူကာကိုအတွက် ပေါင်သန်း (၁၀၀) အထိ အလိုရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ရွန်နီအတွက် မန်ယူအသင်းက ပေါင် (၁၇) သန်း သတ်မှတ်၍ အလိုက်ပေး ကမ်းလှမ်းရန် စဉ်းစားနေခြင်း ဖြစ်သည်။

ရွန်နီသည် မန်ယူအသင်းတွင် ဆက်လက်ကစားရန် ဆန္ဒရှိနေသော်လည်း ပွဲထွက်ခွင့် နည်းပါးနေခြင်းအပေါ် စိတ်ပျက်နေပြီး လက်ရှိ ရာသီထက် ပွဲကစားခွင့် ပိုမိုရရှိမှသာ အသင်းတွင် ဆက်နေမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အရိပ်အမြွက် ပြောကြားခဲ့သည်။

မန်ယူအသင်းတွင် တစ်ပတ် ပေါင် ၃ သိန်းနီးပါး ရရှိနေသည့် ရွန်နီသည် အဲဗာတန်အသင်းသို့ အမှန်တကယ် ပြောင်းရွှေ့ဖြစ်ခဲ့ပါက တစ်ပတ် ပေါင် ၁ သိန်းသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် လက်ရှိဘောလုံးရာသီ မန်ယူအသင်း၏ တိုက်စစ် စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး လာမည့်နွေရာသီတွင် တိုက်စစ်မှူးသစ် နှစ်ဦး အားဖြည့်သွားရန် ဆန္ဒရှိနေသည်။