■ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ အကြိုသုံးသပ်ချက်

Photos:AFP

■ ဘာစီလိုနာ - ဂျူဗင်တပ်စ် (၂၀-၄-၂၀၁၇ နံနက် ၁း၁၅)

ပထမအကျော့မှာ ကစားသွားတဲ့ ခြေစွမ်း၊ ထွက်ပေါ်ခဲ့တဲ့ ရလဒ်ပိုင်းကတော့ မယုံနိုင်စရာပဲ။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အဆင့်မှာလည်း PSG ကို အဝေးကွင်းမှာ (၄) ဂိုးပြတ် ရှုံးပြီးမှ ဒုတိယအကျော့မှာ (၆-၁) ဂိုးနဲ့ ပြန်နိုင်ပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ အစဉ်အလာရှိတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကို ဒီလိုပြန်ကစားနိုင်ဖို့ ဆိုတာတော့ မလွယ်ကူလှဘူး။ နောက်တစ်ချက်က PSG နဲ့ နောက်တစ်ကြိမ်ထပ်ကစားလို့ ဒီရလဒ်မထွက်နိုင်တော့သလို၊ အခု ဂျူဗင်တပ်စ်ကိုလည်း (၄) ဂိုးပြတ်သွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီဘားလားနဲ့ ဟီဂွါအင်တိုက်စစ်အတွဲကလည်း ဘာစီလိုနာခံစစ်ကို အချိန်မရွေး ဒုက္ခပေးနိုင်တယ်။ ဘာစီလိုနာအတွက် အရေးကြီးနေတာက MSN အတွဲက အကောင်းဆုံးပုံစံပြနိုင်ဖို့ပဲ။ အကောင်းဆုံးပုံစံရရင်တောင် ပြန်ကျော်ဖြတ်နိုင်ဖို့တော့ မလွယ်ပါဘူး။ ဘာစီလိုနာ (၂-၁) လောက်ပဲ ကြိုက်တယ်။

ပွဲကြိုအချက်အလက်များ

■ ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၄) ပွဲဆက် အနိုင်ရရှိထားပြီး ခံစစ်ပိုင်းမှာလည်း ဂိုးမပေးရသည့်ပွဲ (၃) ပွဲအထိ ရှိခဲ့သည်။

■ ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး ပွဲ (၂၀) တွင် (၁) ပွဲသာ သရေကျထားပြီး (၁၉) ပြီးအထိ အနိုင်ရထားသည်။

■ ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး (၅) ပွဲတွင် တစ်ပွဲပျမ်းမျှ (၄.၆) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

■ မိုနာကို - ဒေါ့မွန် (၂၀-၄-၂၀၁၇ နံနက် ၁း၁၅)

မိုနာကိုကွင်းက ပွဲကလည်း ကြည့်ကောင်းဦးမှာပဲ။ ပထမအကျော့တုန်းက ဒေါ့မွန်ကွင်းမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့သလို တကယ်စိတ်ဝင်စားစရာကောင်းတဲ့ ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့တယ်။ မိုနာကိုရဲ့ လက်ရှိအသက်သွေးကြောက တိုက်စစ်ဖြစ်ပြီး၊ ခံစစ်က ဂိုးပေးနှုန်း အရမ်းမြင့်နေတယ်။ ဒေါ့မွန်က ပုံမှန်အားဖြင့် ခံစစ်အားကောင်းပေမယ့် အသင်းကြီးတွေ၊ တိုက်စစ်ကောင်းတဲ့ အသင်းတွေကို ဂိုးပေးနှုန်းများနေပြန်တယ်။ ဒေါ့မွန်ရဲ့ အားကောင်းတဲ့ တောင်ပံတွေထက်ကို ဘာပေ၊ လူမာတို့က ပိုကောင်းနေပြီး ဂိုးသွင်းစွမ်းရည်ပိုမြင့်တဲ့ အနေအထားကြောင့် မိုနာကိုကတောင် တိုက်စစ်က ပိုကြောက်စရာကောင်းနေတယ်။ နောက်တစ်ချက်က ဒေါ့မွန်ဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မိုနာကို (၁) ဂိုးသွင်းတာနဲ့ အနည်းဆုံး (၃) ဂိုးသွင်းရတော့မယ်။ ဒီအနေအထားက အန္တရာယ်များပါတယ်။ ဘာပဲဖြစ်ဖြစ် မိုနာကို ကို ဂိုးမပေးရအောင် ကစားဖို့ဆိုတာ မလွယ်ပါဘူး။ ပေးလိုက်ရရင်လည်း တက်ဖိရင်း ပြန်ပေါက်နိုင်တယ်။ မိုနာကိုပဲ ကြိုက်တယ်။

ပွဲကြိုအချက်အလက်များ

■ မိုနာကိုအသင်းသည် ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး (၉) ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၇) ပွဲနိုင်၊ (၂) ပွဲသရေရလဒ်ကို ရရှိခဲ့ပြီး ခံစစ်ပိုင်းမှာလည်း (၅) ဂိုးသာ ခွင့်ပြုခဲ့ရသည်။

■ ဒေါမွန်အသင်း၏ ချန်ပီယံလိဂ် အဝေးကွင်းနောက်ဆုံး (၅) ပွဲတွင် (၂) သင်းပေါင်းသွင်းဂိုးမှာ တစ်ပွဲပျမ်းမျှ (၃.၄) ဂိုးအထိ ရှိသည်။

■ ဒေါ့မွန်အသင်း ခံစစ်ပိုင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၆) ပွဲတွင် (၅) ပွဲအထိ ဂိုးပေးထားရသည်။