ဂျူဗင်တပ်စ်နှင့် ကစားရမည့် ဘာစီလိုနာအသင်းတွင် ဒဏ်ရာရသူများနေ ၎င်းကို မက်ဆီနှင့် နှိုင်းယှဉ်ခြင်းမပြုရန် ဒီဘားလား တောင်းဆို

Photoး serdeporte

ဘာစီလိုနာအသင်းသည် ဧပြီ ၁၉ ရက် (ယနေ့) တွင် ဂျူဗင်တပ်စ်နှင့် ရင်ဆိုင်ကစားရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် ကစားသမားအများအပြား ဒဏ်ရာရရှိနေသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဒဏ်ရာရသူစာရင်းတွင် ခုနစ်ဦးအထိ အမည်ပေါက်နေပြီး မာရှေရာနို၊ ပီကေး၊ ဘူးစကွက်စ်၊ အာဒါတူရန်၊ ရာဖင်ဟာ၊ အဲလစ်ဗီဒယ်လ်တို့ ပါဝင်လျက်ရှိသည်။ စပိန်သတင်းစာ Mundo Deportivo က ဖော်ပြခဲ့သော သတင်းတွင်မူ ပီကေး၊ ဂျူဗင်တပ်စ်နှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကျခံရမည့် ဘူးစကွက်စ်တို့၏ ဒဏ်ရာအခြေအနေမှာ ယခုရက်ပိုင်းအတွင်း အချိန်မီပြန်ကောင်းနိုင်ရန် မလွယ်ကူသော်လည်း ပီကေးကိုမူ ယင်းပွဲတွင် အရဲစွန့် ကစားခိုင်းဖွယ်ရှိနေသည်ဟု ရေးသားခဲ့သည်။ ဘာစီလိုနာအသင်းသည် ပထမအကျော့ အီတလီ မြေတွင် (၀ - ၃) ဂိုးဖြင့် အရေးနိမ့်ထားသောကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ဖြစ်နိုင်ခြေနည်းနေပြီး အသင်း၏သမိုင်းတစ်လျှောက်တွင်မူ ၁၉၇၇ - ၇၈ UEFA Cup တွင် အစ်ဝစ်ခ်ျ၊ ၁၉၇၈-၇၉ Cup Winners’ Cup တွင် အန်ဒါလက်ခ်ျ၊ ၁၉၈၅-၈၆ Euro pean Cup တွင် IFK ဂိုသင်ဘတ်၊ ၂၀၁၆-၁၇ ချန်ပီယံလိဂ်တွင် PSG အသင်းတို့ကို ပထမအကျော့တွင် သုံးဂိုးပြတ်နှင့်အထက် အရေးနိမ့်ခဲ့ပြီးမှ အိမ်ကွင်းတွင် အနိုင်ပြန်ယူကာ နောက်တစ်ဆင့်တက်နိုင်ခဲ့သည့် သာဓကများ ရှိခဲ့သည်။ ပထမအကျော့တွင် ခြေစွမ်းပြပြီး အနိုင်ဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည့် ဒီဘားလားက ၎င်းကို နာမည်ကျော် မက်ဆီနှင့် နှိုင်းယှဉ်ခြင်းမပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ “သူနဲ့နှိုင်းယှဉ်ခံရလို့ ကျွန်တော်ဒေါသမထွက်ပါဘူး။ သူနဲ့ ကျွန်တော် အဆင့်ချင်း အတော်ကွာခြားပါသေးတယ်။ သူနဲ့အတူ မိခင်နိုင်ငံ အာဂျင်တီးနားအတွက် အောင်မြင်မှုတွေ ရယူချင်ပါတယ်” ဟု ဒီဘားလားက TyCSports သို့ ပြောကြားခဲ့သည်။