ဒေါ့မွန်အသင်း၏ ကားတိုက်ခိုက်ခံရမှုအတွက် တတိယမြောက် သံသယဖြစ်ဖွယ်စာကို စစ်ဆေး

ဧပြီ ၁၁ ရက်က ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒေါ့မွန်အသင်း၏ ဘတ်စ်ကားမှန်များ ထိခိုက်ပျက်စီးသွားစဉ် (Photo - AFP)

ဂျာမနီအစိုးရ ရှေ့နေများသည် ဒေါ့မွန်အသင်း၏ ဘတ်စ်ကား ဗုံးခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တတိယမြောက် သံသယဖြစ်ဖွယ်စာကို စစ်ဆေးမှုပြုလုပ်နေကြောင်း ဧပြီ ၁၅ ရက်တွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဧပြီ ၁၁ ရက်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဒေါ့မွန်အသင်း၏ အိမ်ကွင်း၌ မိုနာကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း ဒေါ့မွန်ကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကားသည် ဟိုတယ်မှ ကွင်းသို့သွားရာလမ်း၌ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်။

သတ္တုအပိုင်း အစများပါဝင်သည့် ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် ဒေါ့မွန်အသင်းနောက်ခံလူ ဘာထရာနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ယင်းပွဲစဉ်ကို ဧပြီ ၁၂ ရက်သို့ ပြောင်းလဲကစားခဲ့ရပြီး ဧည့်သည်မိုနာကိုအသင်းက (၂ - ၃) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဂျာမနီ အစိုးရရှေ့နေများသည် ယခုဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိပြီး အစောပိုင်းတွင် အစ္စလာမ္မစ်စစ် သွေးကြွများ၏ လုပ်ရပ်ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသော်လည်း ထပ်မံရရှိလာသည့် တတိယမြောက်စာအရ လက်ယာယိမ်းအဖွဲ့၏ လက်ချက်လည်းဖြစ်နိုင်ကြောင်း The Tagesspiegel နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ယင်းစာတွင် လက်ယာယိမ်းဝါဒီများဟု ယူဆရသည့်အဖွဲ့က တိုက်ခိုက်မှု ဖြစ်ရပ်များအတွက် မိမိတို့တွင် တာဝန်ရှိကြောင်းနှင့် အခြားတိုက်ခိုက်မှု ထပ်မံပြုလုပ်ရန် ခြိမ်းခြောက်ရေးသားထားကြောင်း သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ရေးသားထားတဲ့စာ လက်ခံရရှိထားပါတယ်။ ကျွန်မတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု အစိုးရရှေ့နေများ၏ ပြောခွင့်ရပုဂ္ဂိုလ် ဖရော့ခိုလာက ဆိုသည်။
မှန်ကွဲစများ ထိမှန်မှုကြောင့် လက်ကောက်ဝတ်ဒဏ်ရာရရှိခဲ့သည့် ဒေါ့မွန်အသင်းနောက်ခံလူ ဘာထရာသည် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး လေးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။