ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ မစ်ဒယ်ဘရော့ နှင့် မန်ယူ (၁၉-၃-၂၀၁၇ ညနေ ၆း၃၀)

မစ်ဒယ်ဘရော့ခံစစ်ကို မန်ယူသတိပြုသင့်တယ်။ မန်ယူ တိုက်စစ်က လုံးဝ စိတ်မချရတဲ့အဆင့်မှာ ရှိတယ်။ အသင်းကြီး (၆)သင်းထဲမှာ ယုံကြည်လို့ မရဆုံး အနေအထားမှာရှိတယ်။ မစ်ဒယ်ဘရော့သာ ပုံစံကောင်းပြ၊ ဂိုးမြူးရင် မန်ယူ ဖိကစားနေရင်း ဒုက္ခရောက်ဦးမယ့်ပွဲဖြစ်နိုင်တယ်။ မန်ယူကပ်နိုင်ဖို့များပါတယ်။

■ ပွဲကြိုအချက်အလက်များ

- မစ်ဒယ်ဘရော့အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၁၀)ပွဲတွင် (၈)ပွဲမှာ (၁)ပွဲလျှင် (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။


- မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၇)ပွဲဆက် ရှုံးပွဲမရှိခဲ့သော်လည်း (၈)ပွဲအထိသရေရလဒ်သာရရှိခဲ့ပြီး (၂)
ဂိုးနှင့်အထက်သွင်းယူနိုင်သည့်ပွဲမှာလည်း (၈)ပွဲသာရှိခဲ့သည်။


- မစ်ဒယ်ဘရော့အသင်းနှင့် မန်ယူအသင်းတို့သည် ၂၀၀၉နောက်ပိုင်း ရေးဗားဆိုက်ဒ်ကွင်းတွင် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

■ စပါး နှင့် ဆောက်သမ်တန် (၁၉-၃-၂၀၁၇ ည ၈း၄၅)

ဆောက်သမ်တန်ခံစစ်က စိတ်မချရဘူး။ ဗန်ဒိုက်မရှိတဲ့အနေအထားမှာ တစ်ပွဲတိုးပဲ ကောင်းလိမ့်မယ်။ ရေရှည်အနေနဲ့ အားရစရာမရှိဘူး။ စပါးတိုက်စစ်ကို ၀ှိုက်ဟတ်လိန်းကွင်းမှာ တောင့်ခံနိုင်တဲ့အသင်းက ရှားတယ်။ ဂတ်ဘီယာဒီနီ ဘာလုပ်ပေးနိုင်မလဲပဲ ကြည့်ရမယ်။ စပါးနိုင်မှာကတော့ သေချာတယ်။

ပွဲကြိုအချက်အလက်များ

- စပါးအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၁)ပွဲလျှင် (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။
- ဆောက်သမ်တန်အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲတွင် (၃)ပွဲအနိုင်ရရှိခဲ့သလို (၃)ပွဲရှုံးနိမ့်ခဲ့သည်။

■ မန်စီးတီး နှင့် လီဗာပူးလ် (၁၉-၃-၂၀၁၇ ည ၁၁း၀၀)

တစ်ပွဲလျော့၊ တစ်မှတ်သာအနေအထားမှာရှိနေတဲ့ မန်စီးတီးက ဒီပွဲကို အိမ်ကွင်းမှာကစားရမယ်။ နိုင်ရင် လီဗာပူးလ်ကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သူတို့ရဲ့ ပြိုင်ဘက်စာရင်းထဲကနေ ထုတ်လိုက်လို့ ရသွားနိုင်လောက်တဲ့အထိ အားသာသွားနိုင်တယ်။ ချယ်လ်ဆီးဖယ်ပြီး (၅)သင်း၊ (၃)နေရာမှာ မန်စီးတီးအနေနဲ့ လီဗာပူးလ်ကို ဖယ်လိုက်နိုင်ရင် စပါး၊ အာဆင်နယ်၊ မန်ယူ တို့ကိုလည်း သိပ်ပြီးကြောက်စရာမရှိတဲ့အနေအထားဖြစ်တယ်။ လီဗာပူးလ်အတွက်ကျတော့ ဒီပွဲနိုင်ရင် မန်စီးတီးကို ပြန်ကျော်တက်ခွင့်ရမယ်။
ဒီအခွင့်အရေးမျိုးက ဒီရာသီမှာ သိပ်များများစားစားမကျန်တော့ဘူး။ အပိုင်အသုံးချရမယ့် ပွဲဖြစ်နေတယ်။ လက်ရှိအနေအထားအရ
မန်စီးတီးက ပိုကောင်းတယ်လို့ ပြောလို့ရပေမယ့် လီဗာပူးလ်ရဲ့ခြေစွမ်းက နှစ်ပိုင်းခွဲပြောရမယ်။ အသင်းငယ်တွေကြောင့် ရမှတ်တွေဆုံးရှုံးခဲ့ပေမယ့် အသင်းကြီးတွေနဲ့ဆိုရင် ရလဒ်ပိုင်းအရမ်းကောင်းတယ်။ ဒါက ယုံကြည်မှုတစ်ခုလည်းဖြစ်တယ်။ ပထမအကျော့တုန်းက လီဗာပူးလ်က ကပ်နိုင်ခဲ့တယ်။ ဒီတစ်ကြိမ် မန်စီးတီးက ပိုကောင်းလာပြီ။ ခံစစ်သိပ်မကွာဘူး။ တိုက်စစ်မှာ လီဗာပူးလ်က ကောင်းပေမယ့် မငြိမ်ဘူး။ မန်စီးတီးက သပ်ရပ်တယ်။ ဂွါဒီယိုလာ (၃)မှတ်ယူလိမ့်မယ်။

ပွဲကြိုအချက်အလက်များ

- မန်စီးတီးသည် ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး (၁၀)ပွဲတွင် ရှုံးပွဲ (၁)ပွဲသာရှိခဲ့သော်လည်း (၅)ပွဲအထိ သရေရလဒ်ထွက်ပေါ် ခဲ့သည်။
- လီဗာပူးလ်အသင်းသည် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်နောက်ဆုံး (၄)ကြိမ်တွေ့ဆုံမှုတွင် (၄)ကြိမ်စလုံးအနိုင်ရရှိခဲ့သည်။
- လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံအဝေးကွင်းနောက်ဆုံး (၇)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
- Sky Bet ၏ခန့်မှန်းချက်အရ မန်စီးတီးအသင်းက နိုင်ချေ ၁၉း၂၀ ရှိပြီး လီဗာပူးလ်အသင်းက ၅း၂ ရှိကာ သရရလဒ်ဖြစ်နိုင်ချေမှာ ၁၁း၎ ဖြစ်သည်။
- ဂွါဒီယိုလာနှင့် ယာဂန်ကလော့ပ်တို့သည် နည်းပြသက်တမ်းတစ်လျှောက် (၉)ကြိမ်တွေ့ဆုံခဲ့ဖူးကာ ဂွါဒီယိုလာက (၄)ကြိမ် အနိုင်ရရှိခဲ့ပြီး ယာဂန်ကလော့ပ်က (၅)ကြိမ်အနိုင်ရရှိခဲ့သည်။