ပရီးမီးယားလိဂ်တင်ကျန်ဖို့သာ အဓိကပစ်မှတ်ဟု ရာနီရေးရီ ၀န်ခံ

Photo:AFP

တန်းဆင်းဇုန်နှင့် အလွန်နီးကပ်နေသည့် လက်ရှိချန်ပီယံ လက်စတာအသင်းနည်းပြ ရာနီရေးရီက ပြိုင်ပွဲ(၃)ခုလမ်းကြောင်းပေါ်တွင် ရှိနေသော်လည်း FAဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲများထက် ပရီးမီးယားလိဂ်တွင် တင်ကျန်ရေးသည်သာ အဓိကပစ်မှတ်ဖြစ်ကြောင်း
ဝန်ခံပြောကြားခဲ့သည်။

'' ကျွန်တော်တို့ ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ်မှာပဲ အာရုံရောက်နေပါတယ်။ ကျွန်တော်တို့ ကစားပုံကောင်းဖို့လိုတယ်။ ပြီးတော့ ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ပါ။ အဓိကပစ်မှတ်ကလည်း ပရီးမီးယားလိဂ်မှာ ရှင်သန်နိုင်ရေးပါပဲ''ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

ထို့ပြင် ရာနီရေးရီက အသင်း၏အဓိကပြဿနာမှာ ဂိုးမသွင်းနိုင်ခြင်းနှင့် ဂိုးများပေးနေရခြင်းကြောင့်ဟု ၀န်ခံသွားခဲ့သည်။ လက်စတာအသင်းသည် လက်ရှိတွင် အမှတ်ပေးပွဲ(၆)ပွဲဆက်တိုက် သွင်းဂိုးပျောက်ဆုံးခဲ့သည့် ပထမဆုံးလက်ရှိချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ရသည်။