ပြိုင်ပွဲဝင်အင်အား ၈၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၇ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ဇန်န၀ါရီ ၈ ရက် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား လေးမျိုးထည့်သွင်း ကျင်းပမည်

၂၀၁၆ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

၂၀၁၇ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီ ၈ ရက် နံနက် ၅ နာရီမှစ၍ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အင်အား ၈၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား လေးမျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ၄၂၊ ၂၁၊ ၁၀၊ ၃ ကီလိုမီတာ ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ အားကစားသမားများ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲလေးခုကို အချိန်များခွဲ၍ တာလွှတ်ရန် စီစဉ်ထားကာ ၄၂ ကီလိုမီတာပြိုင်ပွဲကို နံနက် ၅ နာရီ၊ ၂၁ ကီလိုမီတာပြိုင်ပွဲကို နံနက် ၅ နာရီခွဲ၊ ၁၀ ကီလိုမီတာ ပြိုင်ပွဲကို နံနက် ၆ နာရီ ၄၅ မိနစ်၊ ၃ ကီလိုမီတာ ပြိုင်ပွဲကို နံနက် ၇ နာရီခွဲတွင် တာလွှတ်မည်ဖြစ်သည်။ ၃ ကီလိုမီတာပြိုင်ပွဲတွင် အနုပညာရှင်များ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ သံတမန်ဖြစ်သူ အမွန်းနှင့်အတူ ဖြိုးကြီး၊ ဂျက်ဆန်ထွန်း စသည့် အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမည် ဖြစ်သည်။ ၃ ကီလိုမီတာ Fun Run ပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲများတွင် ဆုကြေးငွေများ ချီးမြှင့်မည်ဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၁၈၉၀၀ ပေးအပ် ချီးမြှင့်မည်ဖြစ်သည်။ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး ၄၂ ကီိလိုမီတာပြိုင်ပွဲတွင် နိုင်ငံခြားသား ကစားသမားများသာ အောင်မြင်မှု ရရှိထားကာ ၂၁ ကီလိုမီတာ ပြိုင်ပွဲတွင်မူ မြန်မာကစားသမားများ ပထမဆု ရယူနိုင်ရန် အခွင့်အရေး ရှိနေသည်။ ယခုပြိုင်ပွဲတွင်လည်း လက်ရွေးစင်ဟောင်း ကစားသမားများ အပါအ၀င် ပြည်တွင်းကစားသမား အများအပြား ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ အမျိုးသား ၄၂ ကီလိုမီတာ ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ဂျိုးဇက်က လေးနှစ်ဆက် ဗိုလ်စွဲထားကြောင်း သိရသည်။