နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် MFF ငွေကြေး ပိုမိုသုံးစွဲရမည်

ဆူဇူကီးဖလားပြိုင်ပွဲ၌ ဆီမီးတက်ရောက်ပြီးနောက် မြန်မာအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

၂၀၁၇ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများမှာ နိုင်ငံတကာ ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ငွေကြေး ပိုမိုသုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်းမှာ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ၊ လက်ရွေးစင် အမျိုးသမီးအသင်းမှာ ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ ယူ-၂၂ အသင်းမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ယူ-၁၈ အသင်းမှာ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှယူ-၁၉ ခြေစစ်ပွဲတို့ ၀င်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲများအနက် မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲမှာ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲကို ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ MFF အနေဖြင့် ယင်းအသင်းများအတွက် နိုင်ငံတကာ ပြိုင်ပွဲများအပြင် ပြိုင်ပွဲအကြိုခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များပါ စီစဉ်ပေးရမည် ဖြစ်သောကြောင့် ငွေကြေး ပိုမိုသုံးစွဲရခြင်းဖြစ်သည်။ MFF သည် ငွေကြေးသုံးစွဲမည့် အစီအစဉ်များအား သတင်းထုတ်ပြန်မည်ဖြစ်သည်။