ဘွန်ဒစ်လီဂါ နည်းပြဟောင်းတွေ ထိပ်တိုက်တွေ့မှုမှာ အန်ဖီးလ်ကွင်း အစဉ်အလာဆိုးကနေ မန်စီးတီး ဖောက်ထွက်နိုင်မလား

၂၀၁၅-၁၆ ရာသီက လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့ အန်ဖီးလ်၌ ဆုံတွေ့ခဲ့စဉ် (Photo: AFP)

အမှတ်ပေးဇယားကို ဦးဆောင်သူ ချယ်လ်ဆီးအသင်း နောက်ထပ် ကြပ်မကွာလိုက်ဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီတစ်ပတ်မှာ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ဘွန်ဒစ်လီဂါမှာ ထိပ်တန်းနည်းပြတွေ ဖြစ်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ နယ်မြေသစ်မှာ ပထမဆုံး လက်ရည်စမ်းကြမှာ ဖြစ်ပါတယ်။ နှစ်သင်းထိပ်တိုက် တွေ့ဆုံမှု အစဉ်အလာအရတော့ အန်ဖီးလ်ကွင်းမှာ မန်စီးတီး ရုန်းကန်ရတဲ့ အစဉ်အလာဆိုးတစ်ရပ် ရှိနေပါတယ်။ ၁၉၅၆ ခုနှစ်နောက်ပိုင်း နှစ် ၆၀ အတွင်း အန်ဖီးလ်ကွင်း တွေ့ဆုံမှုတွေမှာ မန်စီးတီး နှစ်ပွဲသာ အနိုင်ရခဲ့တယ်။ အန်ဖီးလ်မှာ မန်စီးတီး နောက်ဆုံး အနိုင်ရတာ ၂၀၀၃ ကဖြစ်ပြီး အဲဒီနောက်ပိုင်း ၁၅ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ ဒီအစဉ်အလာကနေ မန်စီးတီး ဖောက်ထွက်နိုင်မလားဆိုတာ . . .

■ ဘန်လေ နှင့် ဆန်းဒါးလန်း (၃၁-၁၂-၂၀၁၆ စနေ ည ၉း၃၀)

နောက်ဆုံးရလဒ် >> ဘန်လေ ၀-၀ ဆန်းဒါးလန်း

ဘန်လေက အိမ်ကွင်းအားနဲ့ အမှတ်ရှာနေတဲ့ အသင်းပါ။ အိမ်ကွင်းမှာ ဂိုးသွင်းသေချာပြီး နောက်ဆုံး ငါးပွဲမှာ လေးပွဲအထိ နိုင်ထားပါတယ်။ ဆန်းဒါးလန်းကတော့ ခြေစွမ်းပိုင်း တိုးတက်လာပေမယ့် ရလဒ်ပိုင်း လိုက်တက်မလာဘူး။ အထူးသဖြင့် အဝေးကွင်းဆိုရင် ခံစစ်က ဖောက်တတ်တယ်။ ဘန်လေပဲ ကပ်နိုင်သွားဖို့ များတယ်။

■ ချယ်လ်ဆီး နှင့် စတုတ်စီးတီး (၃၁-၁၂-၂၀၁၆ စနေ ည ၉း၃၀)

ယမန်နှစ်ရလဒ် >> ချယ်လ်ဆီး ၁-၁ စတုတ်စီးတီး

ချန်ပီယံပြေးလမ်းကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးရဲ့ ခြေစွမ်းက အရမ်းငြိမ်တယ်။ လူအပြောင်းအလဲ ရှိရင်တောင် ပြဿနာမရှိကြောင်း သက်သေပြခဲ့ပြီ။ ဒီပွဲမှာလည်း ပတ်ဒရို ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ပေမယ့် အသင်းကို ထိခိုက်စရာ မရှိဘူး။ အသင်းကြီးတွေနဲ့တွေ့ရင် ပြိုဆင်းသွားတတ်တဲ့ စတုတ်စီးတီး နှစ်ဂိုးပြတ်လောက်နဲ့ ရှုံးလိမ့်မယ်။

■ လက်စတာ နှင့် ၀က်စ်ဟမ်း (၃၁-၁၂-၂၀၁၆ စနေ ည ၉း၃၀)

ယမန်နှစ်ရလဒ် >> လက်စတာ ၂-၂ ၀က်စ်ဟမ်း

လက်စတာအတွက် ယုံကြည်မှုပြန်လည် တည်ဆောက်ဖို့ ခက်ခဲနေတာ တွေ့ရတယ်။ ဗာဒီ ပွဲပယ်ခံထားရတယ်။ မာရက်ဇ် ပုံမှန်ခြေစွမ်းမရှိဘူး။ အသင်းကလည်း အရင်လို အိမ်ကွင်းမှာ ဖြိုလှဲရခက်ခဲပုံစံမျိုး မဟုတ်တော့ဘူး။ တစ်ပွဲထက်တစ်ပွဲ ခြေတွေ့လာပြီး နိုင်ပွဲဆက်နေတဲ့ ၀က်စ်ဟမ်းကို လက်စတာ မနိုင်လောက်ပါဘူး။

■ မန်ယူ နှင့် မစ်ဒယ်ဘရော့ (၃၁-၁၂-၂၀၁၆ စနေ ည ၉း၃၀)

ယမန်နှစ်ရလဒ် >> မန်ယူ ၁-၀ မစ်ဒယ်ဘရော့

နည်းပြ မော်ရင်ဟို လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် မန်ယူအသင်း ပရီးမီးယားလိဂ် လေးပွဲဆက် နိုင်ပွဲရထားတယ်။ အသင်းက ခံစစ်ငြိမ်တယ်။ တိုက်စစ်ပိုင်း ဂိုးရဖို့ မခက်တော့ဘူး။ ဒါပေမဲ့ ပွဲဆက်များနေချိန်မှာ ကွင်းလယ်လူ ကာရစ်ကို ဒီပွဲမှာ အနားပေးနိုင်တယ်။ မစ်ဒယ်ဘရော့ကို နိုင်ဖို့မခက်ပေမယ့် ဂိုးပြတ်ဖို့ မသေချာပါဘူး။

■ ဆောက်သမ်တန် နှင့် ၀က်စ်ဘရွန်း (၃၁-၁၂-၂၀၁၆ စနေ ည ၉း၃၀)

ယမန်နှစ်ရလဒ် >> ဆောက်သမ်တန် ၃-၀ ၀က်စ်ဘရွန်း

အပြောင်းအရွှေ့ ဖွင့်လှစ်ဖို့ နီးကပ်လာချိန်မှာ နာမည်ကြီးနေတဲ့ ဗန်ဒိုက်နဲ့ ဖွန်တေတို့ စိတ်တွေပျံ့လွှင့်ပြီး ဆောက်သမ်တန်ခံစစ် လျော့ရဲလာတယ်။ ဒါပေမဲ့ ၀က်စ်ဘရွန်းက အဝေးကွင်းဆိုရင် ဂိုးပေါက်ပျောက်တတ်တဲ့ အသင်းပါ။ ရက်မွန်း ပွဲပယ်ခံထားရတဲ့ ဆောက်သမ်တန် တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်ရနိုင်တယ်။ ဂိုးနည်းပြီး သရေကျဖို့ များပါတယ်။

■ ဆွမ်ဆီး နှင့် ဘုန်းမောက် (၃၁-၁၂-၂၀၁၆ စနေ ည ၉း၃၀)

ယမန်နှစ်ရလဒ် >> ဆွမ်ဆီး ၂-၂ ဘုန်းမောက်

နည်းပြအပြောင်းအလဲကြောင့် ဆွမ်ဆီး တည်ငြိမ်မှု ကင်းမဲ့နေတယ်။ နောက်ဆုံး ငါးပွဲမှာ လေးပွဲရှုံးနိမ့်ခဲ့ပြီး ခြေစွမ်းပိုင်းကလည်း အားရစရာ မရှိဘူး။ ရှုံးတဲ့လေးပွဲစလုံး အနိမ့်ဆုံး သုံးဂိုးပေးခဲ့ရတယ်။ ဒါပေမဲ့ ဘုန်းမောက်ကလည်း အဝေးကွင်း အားနည်းလွန်းပြီး လွယ်လွယ်နဲ့ ရှုံးနိမ့်တတ်ပါတယ်။ အမှတ်ခွဲယူကြဖို့ များပါတယ်။

■ လီဗာပူးလ် နှင့် မန်စီးတီး (၃၁-၁၂-၂၀၁၆ စနေ ည ၁၂း၀၀)

ယမန်နှစ်ရလဒ် >> လီဗာပူးလ် ၃-၀ မန်စီးတီး

အဂွဲရိုး ပြန်ပါလာမယ့် မန်စီးတီးတိုက်စစ်ကို သတိထားရမယ်။ ဒါပေမဲ့ လီဗာပူးလ်က အိမ်ကွင်းမှာ ဂိုးသွင်းသေချာပြီး ခံစစ်ပိုင်းကလည်း တစ်ဂိုးထက် ပိုပေးရတာ တစ်ပွဲပဲ ရှိပါသေးတယ်။ မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ခြောက်ပွဲမှာလည်း အနိမ့်ဆုံး နှစ်ဂိုးသွင်းနိုင်တာ ငါးပွဲ ရှိခဲ့တယ်။ လီဗာပူးလ်ကိုပဲ ကြိုက်တယ်။

■ ၀က်ဖို့ဒ် နှင့် စပါး (၁-၁-၂၀၁၇ တနင်္ဂနွေ ည ၈း၀၀)

ယမန်နှစ်ရလဒ် >> ၀က်ဖို့ဒ် ၁-၂ စပါး

ယန်းမတ်၊ ဘရာမီတို့ ဒဏ်ရာရနေပြီး ဘာရီတော့စ်လည်း ပွဲပယ်ခံထားရလို့ ၀က်ဖို့ဒ် တင်းပြည့်ကျပ်ပြည့် ရှိမနေဘူး။ စပါးလည်း နောက်ခံလူ ဝေါ်လ်ကာနဲ့ ဗာတွန်ဂန်တို့ ပွဲပယ်ခံထားရပေမယ့် အရန်သင့် အစားထိုးနိုင်သူတွေ ရှိတယ်။ ၀က်ဖို့ဒ်ကွင်းမှာလည်း စပါးနောက်ဆုံး ခြောက်ပွဲဆက် မရှုံးခဲ့ပါဘူး။ စပါးကိုပဲ ကြိုက်ပါတယ်။

■ အာဆင်နယ် နှင့် ခရစ္စတယ်ပဲလေ့စ် (၁-၁-၂၀၁၇ တနင်္ဂနွေ ည ၁၀း၃၀)

ယမန်နှစ်ရလဒ် >> အာဆင်နယ် ၁-၁ ပဲလေ့စ်

ချိန်ဘာလိန်၊ ဝေါလ်ကော့တို့ မပါဝင်နိုင်ရင် အာဆင်နယ်တိုက်စစ် ဂိုးရဖို့ ရုန်းကန်ရတာ တွေ့ရတယ်။ ပဲလေ့စ်ခံစစ်ရဲ့ တစ်ဦးချင်း အမှားတွေကို အခွင့်အရေးယူဖို့ အလက်ဆစ်ဆန်းချက်ဇ် အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်နိုင်ရင် ပိုကောင်းမယ်။ ပဲလေ့စ်ကတော့ သရေပဲ မျှော်ကစားမှာဖြစ်ပြီး အာဆင်နယ် ၁-၀၊ ၂-၀ လောက်နဲ့ နိုင်ဖို့များပါတယ်။