၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့အားကစားလောကမှ ထင်ရှားကျော်ကြား ဖြစ်ရပ် (၁၁) ခု

၁။ စိန်ခေါ်မှုများစွာဖြင့် FIFA ဥက္ကဋ္ဌသစ် ဖြစ်လာသူ အင်ဖန်တီနို

ဆွစ်ဇာလန်/အီတလီနိုင်ငံသား အင်ဖန်တီနို (၄၆ နှစ်) သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ အနိုင်ရပြီး ကိုးဦးမြောက်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၎င်းသည် ဥက္ကဋ္ဌဟောင်း ဘလတ္တာလက်ထက် (၁၇ နှစ်) ခြစားမှုပြဿနာများကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရပြီး သုံးနှစ်တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။

၂။ ကမ္ဘာ့အားကစား လောကကို ရိုက်ခတ်စေခဲ့သည့် ရုရှားတားမြစ်ဆေး ပြဿနာ

အိုလံပစ်အပါအ၀င် အားကစားပြိုင်ပွဲများစွာ၌ တားမြစ်ဆေး ကျရှုံးမှုရလဒ်များအား ဖုံးကွယ်ထားရာတွင် ရုရှားအစိုးရကိုယ်တိုင် ပါဝင်နေသည့် သတင်းမှာ အားကစားလောကအပေါ် ကြီးမားစွာ ရိုက်ခတ်ခဲ့သည်။ ရီယိုအိုလံပစ်တွင် ကစားသမား ၁၀၀ ကျော်ခန့် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရသလို နာမည်ကြီး တင်းနစ်မယ် ရှာရာပိုဗာမှာလည်း ၁၅ လ ပွဲပယ်ခံထားရသည်။

၃။ အလေးပေးမှု ၅၀၀၀း၁ လေး = ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာ

ပရီးမီးယားလိဂ်သို့ လေးကြိမ်မြောက် တန်းတက်ခွင့်ရထားသည့် လက်စတာစီးတီးအသင်းသည် ၂၀၁၅ - ၂၀၁၆ ရာသီတွင် ချန်ပီယံဖြစ်ရန် အလေးပေးမှု ၅၀၀၀း၁ လေးအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။ သို့သော် ၎င်းတို့အနေဖြင့် ရာသီကုန်တွင် ၈၁ မှတ်ဖြင့် ချန်ပီယံဆု ပထမဆုံးအကြိမ်ရရှိပြီး သမိုင်းတစ်လျှောက် အံ့အားသင့်ဖွယ် အကောင်းဆုံးချန်ပီယံ ဖြစ်ခဲ့သည်။

၎။ ဘောလုံးကမ္ဘာသို့ တရုတ်မှ ငွေကြေးအလုံးအရင်း စီးဆင်းလာခြင်း

တရုတ်စူပါလိဂ် ကလပ်များသည် ဥရောပလိဂ်ပြိုင်ပွဲမှ နာမည်ကြီး ကစားသမားများစွာကို အာရှစံချိန်တင် ပြောင်းရွှေ့ကြေး၊ စံချိန်တင် လစာနှုန်းထားများဖြင့် ခေါ်ယူခဲ့ပြီး တစ်နှစ်အတွင်း အသုံးစရိတ် စုစုပေါင်း ဒေါ်လာတစ်ဘီလျံအထက် ရောက်ရှိခဲ့သည်။ ထို့ပြင် အင်တာမီလန်၊ မန်စီးတီးအသင်းတို့၏ ရှယ်ယာများကိုလည်း တရုတ်ကုမ္ပဏီများက ၀ယ်ယူခဲ့သည်။

၅။ စီရော်နယ်လ်ဒို၏ အမြင့်ဆုံးအမှတ်နှင့် ပေါ်တူဂီ၏ ယူရိုချန်ပီယံအိပ်မက်

ယူရို - ၂၀၁၆ ပြိုင်ပွဲ စတင်ချိန်အထိ ရေပန်းစားမှု အနည်းငယ်သာရှိခဲ့သည့် ပေါ်တူဂီအသင်းသည် မထင်မှတ်ဘဲ အိမ်ရှင်ပြင်သစ်ကို အနိုင်ယူကာ ချန်ပီယံဖလားအား ပထမဆုံးအကြိမ် ရရှိခဲ့သည်။ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုမှာလည်း ယူရိုချန်ပီယံဆုအပြင် ရီးယဲလ်နှင့် ချန်ပီယံလိဂ်ဖလား ရရှိထားသဖြင့် တစ်နှစ်အတွင်း အမြင့်ဆုံးအောင်မြင်မှု နှစ်ခု ရယူနိုင်ခဲ့သည်။

၆။ အနိမ့်အမြင့် အတက်အကျ ရသစုံလင်ခဲ့သည့် ရီယိုအိုလံပစ်

ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဇီကာဗိုင်းရပ်စ်နှင့် အစိုးရ၏ ခြစားမှု ပြဿနာ များကြောင့် စိုးရိမ်မှုရှိခဲ့သော်လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ် အမျိုးသားဘောလုံးအသင်းက ရွှေတံဆိပ်ရရှိခဲ့သည်။ မိုက်ကယ်ဖဲလ် (ရေကူး)၊ အူစိန်ဘော့ (အပြေး) စသည့် ဂန္ထ၀င်များမှာလည်း နောက်ဆုံး အိုလံပစ်ပြိုင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။

၇။ ကမ္ဘာ့စံချိန်ချိုးခဲ့သည့် ပေါ့ဘာ၏ အပြောင်းအရွှေ့

နွေရာသီ အပြောင်းအရွှေ့တွင် မန်ယူအသင်းက ဂျူဗင်တပ်စ်မှ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ပေါင် ၈၉ ဒသမ ၃ သန်းဖြင့်ခေါ်ယူခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးအဖြစ် စံချိန်သစ်တင်ခဲ့သည်။ ရုပ်သံထုတ်လွှင့်ခွင့် ၀င်ငွေကြောင့် ချမ်းသာလာသည့် ပရီးမီးယားလိဂ်ကလပ်များမှာလည်း နွေရာသီတစ်ခုတည်း၌ စံချိန်တင်အဖြစ် ပေါင် ၁ ဒသမ ၁၆၅ ဘီလီယံ အသုံးပြုခဲ့သည်။

၈။ ဂန္ထ၀င်များ ကြွေလွင့်ခဲ့သည့် ၂၀၁၆

ယခုနှစ်အတွင်း အားကစားလောကမှ ဂန္ထ၀င်ကစားသမားများစွာ ကြွေလွင့်ခဲ့ပြီး ၂၀ ရာစု အကောင်းဆုံး လက်ဝှေ့သမား မိုဟာမက်အလီ (ဇွန် ၃)၊ ဂေါ့ဖ်ကစားသမား အာနိုးပါလ်မာနှင့် ၁၉၇၀ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ် အသင်းခေါင်းဆောင် အယ်လ်ဘာတို (စက်တင်ဘာ ၂၆)၊ ဒတ်ခ်ျဘောလုံးသမား/နည်းပြ ယိုဟန်ခရိုက်ဖ် (မတ် ၂၄) တို့ကွယ်လွန်ခဲ့သည်။

၉။ ထိုက်တန်သည့် စွမ်းဆောင်ရည်ဖြင့် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည့် မာရေးနှင့် ရော့စ်ဘတ်

နာမည်ကြီး ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးနှင့် ဂျာမနီ ဖော်မြူလာဝမ်း ကားမောင်းသမား ရော့စ်ဘတ်သည် ရာသီကုန်တွင် ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။ မာရေးသည် ၀င်ဘယ်လ်ဒန်ဂရင်းစလင်းနှင့် အိုလံပစ် ရွှေတံဆိပ်ရရှိခဲ့ပြီး ရော့စ်ဘတ်မှာလည်း နောက်ဆုံးပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ အဆင့် ၁ နေရာကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

၁၀။ ချာပီကိုအန်ဆီ ကစားသမားများ ပါဝင်သည့် လေယာဉ်ပျက်ကျမှု

ဘရာဇီးလ်ကလပ် ချာပီကိုအန်ဆီအသင်း ကစားသမားများ ပါဝင်သည့် လေယာဉ်သည် နိုဝင်ဘာ ၂၈ ရက်က ကိုလံဘီယာနိုင်ငံ၌ ပျက်ကျခဲ့ရာ စုစုပေါင်း ၇၁ ဦးသေဆုံးပြီး ခြောက်ဦးသာ လွတ်မြောက်ခဲ့သည်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ယင်းဖြစ်ရပ်အတွက် ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့အား Copa Sudamericana ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။

၁၁။ ဗြိတိန် ဘောလုံးလောကအား ချောက်ချားစေခဲ့သည့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပြဿနာ

လူငယ်ကစားသမားဘ၀၌ နည်းပြများ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံရဖူးကြောင်း ထုတ်ဖော်ဝန်ခံမှုများ မှတစ်ဆင့် သက်ငယ်လိင် အလွဲသုံးမှုပြဿနာမှာ ဗြိတိန် ဘောလုံးလောကအတွက် တုန်လှုပ် ချောက်ချားစရာ ဖြစ်လာခဲ့သည်။ ယင်းဖြစ်ရပ်များ၌ ကလပ်အသင်း ၁၀၀ ကျော်မှ ကစားသမား ရာဂဏန်းခန့် ကျူးလွန်ခံရဖူးကြောင်း စစ်ဆေးမှုရလဒ်များ ထွက်ပေါ်ခဲ့သည်။