မက္ကလာရင်၏ ဒုတိယအကြိမ် အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ရုရှားအား နိုင်ငံတကာအဆင့်အားကစားပြိုင်ပွဲအားလုံးမှ ထုတ်ပယ်ရန် အမေရိကန်၊ ဗြိတိန်နှင့် ဂျာမနီ တောင်းဆို

အစီရင်ခံစာရေးသားသူ မက္ကလာရင် (၀ဲ) နှင့် စုံစမ်းစစ်ဆေးရေးခေါင်းဆောင် ဒပ်ဘေးတို့အား ဒီဇင်ဘာ ၉ ရက်က လန်ဒန်မြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (Photo - AFP)

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက် ရေးအေဂျင်စီ (WADA) မှ စုံစမ်း စစ်ဆေးရေး အကြီးအကဲဖြစ်သူ ရစ်ချက်မက္ကလာရင်၏ ဒုတိယအကြိမ် တားမြစ်ဆေး အရှုပ်တော်ပုံ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ရုရှားအား နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲအားလုံးမှ ထုတ်ပယ်ရန် အမေရိကန်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့က တောင်းဆိုခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံသား ရှေ့နေဖြစ်သူ မက္ကလာရင်သည် ဇူလိုင်လက ပထမအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာအရ ရုရှားပြေးခုန်ပစ်နှင့် အလေးမအားကစားသမားများမှာ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၉ ရက်က ထပ်မံထုတ်ပြန်သည့် အစီရင်ခံစာတွင်လည်း ရုရှားအားကစားဝန်ကြီးဌာနသည် ၂၀၁၁ မှ ၂၀၁၅ ခုနှစ် အထိ ငါးနှစ်အတွင်း ကျင်းပခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများ (၂၀၁၂ လန်ဒန်အိုလံပစ်၊ ၂၀၁၃ ကမ္ဘာ့ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲ၊ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ် ပြိုင်ပွဲအပါအ၀င်) ၌ အားကစား နည်း ၃၀ မှ ကစားသမားစုစုပေါင်း ၁၀၀၀ ကျော်၏ တားမြစ်ဆေးကျရှုံးမှု ပြဿနာများကို ဖုံးကွယ်ထားခဲ့ကြောင်း ဖော်ပြထားသည်။ထို့ကြောင့် ဂျာမနီ ပြေးခုန်ပစ်အဖွဲ့ချုပ်(DLV) ဥက္ကဋ္ဌ ပရိုကော့က “တားမြစ်ဆေး ကင်းရှင်းကြောင်း သက်သေပြနိုင်တဲ့ အချိန်အထိ အိုလံပစ်အပါအ၀င် နိုင်ငံတကာအားကစားပြိုင်ပွဲအားလုံးကနေ ရုရှားကို ထုတ်ပယ်ထားသင့်ပါတယ်” ဟုပြောကြားခဲ့သည်။

အမေရိကန်တားမြစ်ဆေး တိုက်ဖျက်ရေးအေဂျင်စီဥက္ကဋ္ဌ ထရာဗစ်တိုင်ဂတ်ကလည်း နိုင်ငံတကာအိုလံပစ် ကော်မတီ (IOC) အနေဖြင့် ရုရှား၏ တားမြစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အပြည့်အ၀ မအောင်မြင်သေးသ၍ ရုရှားအိုလံပစ်ကော်မတီအား ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ရန်နှင့် အားကစားပြိုင်ပွဲများ လက်ခံကျင်းပခွင့် မပေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။ (IOC) သည် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှ ရုရှားကစားသမား အားလုံး၏ တားမြစ်ဆေး ရလဒ်ကို ပြန်လည် စစ်ဆေးမည်ဖြစ်သည်။