ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၈)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၈)
Published 4 September 2017

Photos: AP,Gettyimages,PA,Man Utd,Daily Mail,Mirror,The Sun ...

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

 

■ ၂၀၀၆-၀၇ ရာသီ

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွန်နီနဲ့ဖြစ်ပွားခဲ့တဲ့ ပြဿနာကြောင့် ၂၀၀၆-၀၇ ဘောလုံးရာသီသစ်စတင်ချိန်အထိ စီရော်နယ်လ်ဒိုရဲ့အနာဂတ်ဟာ မီဒီယာတွေစောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး မန်ယူအသင်းနည်းပြ ဖာဂူဆန်ကိုယ်တိုင် ပေါ်တူဂီအထိလိုက်လာပြီး သူ့ကိုမန်ယူမှာ ဆက်ကစားဖို့စည်းရုံးခဲ့တာကြောင့် စီရော်နယ်လ်ဒိုဟာ အသင်းကထွက်ဖို့စဉ်းစားထားတာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် အသင်းအနေနဲ့ ဒီပြဿနာမှာမိမိဘက်ကရပ်တည်တာကြောင့် မန်ယူအသင်းမှာဆက်ရှိနေမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲလည်းလုပ်ခဲ့ပါတယ်။ သူဒီလိုအတိအလင်းပြောကြားခဲ့တာတောင် ရာသီစတင်ချိန်အထိသူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေ လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလက သြဂုတ်လကုန်မှပြီးဆုံးမှာဖြစ်တာကြောင့် စီရော်နယ်လ်ဒိုနဲ့ပတ်သက်တဲ့ ထင်ကြေးသတင်းတွေက မပြီးနိုင်မစီးနိုင်ဖြစ်နေတာပါ။

၂၀၀၆-၀၇ ဘောလုံးရာသီအစမှာမန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့ရပါတယ်။ ဒီပွဲမှာမန်ယူအသင်းဟာ သက်သောင့်သက်သာကစားပြီး ဒုတိယကမ္ဘာစစ်အပြီး ဂိုးအပြတ်ဆုံးရာသီအဖွင့်နိုင်ပွဲအဖြစ် (၅-၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူတိုက်စစ်မှူးရွန်နီက (၂)ဂိုးသွင်းခဲ့ပြီး စီရော်နယ်လ်ဒိုက (၁) ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် (၁၉) မိနစ်မှာပဲ မန်ယူအသင်းဟာ (၄)ဂိုးပြတ်နဲ့ဦး ဆောင်ခဲ့ပြီး စီရော်နယ်လ်ဒိုသွင်းယူခဲ့တဲ့စတုတ္ထမြောက်ဂိုးဟာ ရွန်နီဖန်တီးပေးခဲ့တာပါ။ ဒီပွဲမှာ စီရော်နယ်လ်ဒိုနဲ့ ရွန်နီတို့ ပျော်ရွှင်စွာနဲ့ပွေ့ဖက်အောင်ပွဲခံခဲ့တာက စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေကို မှေးမှိန်သွားစေခဲ့ပါတယ်။ အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာမြို့မှာ ၂၀၀၆ ကမ္ဘာ့ဖလားလုပ်ရပ်အတွက် စီရော်နယ်လ်ဒိုအပေါ် သိပ်ပြီးဖိအားမရှိခဲ့ပေမယ့် လန်ဒန်မှာသွားကစားရတဲ့ ချာလ်တန်နဲ့အဝေးကွင်းပွဲစဉ်ကတော့ သူ့အတွက်စစ်မြေပြင်ကိုသွားရသလိုဖြစ်ခဲ့ပါတယ်။ လန်ဒန်မြို့ဟာ အင်္ဂလန်နိုင်ငံရဲ့ မြို့တော်ဖြစ်တာနဲ့အညီ အခြားမြို့တွေထက်စာရင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အနိုင်အရှုံးရလဒ်တွေအတွက်ပိုပြီး ခံစားချက်ပြင်းထန်တဲ့ မြို့လည်းဖြစ်ပါတယ်။ ၂၀၀၆-၀၇ ဘောလုံးရာသီဒုတိယပွဲစဉ် ချာလ်တန် (ဝ-၃) မန်ယူပွဲမှာ စီရော်နယ်လ်ဒိုဟာ " ပေါ်တူဂီ အရိုင်းအစိုင်းကောင် "ဆိုတဲ့အော်ဟစ်မှုတွေကို နားမဆံ့အောင်ကြားခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုဟာ နောက်ပွဲတွေမှာလည်းသူ့အပေါ် ပြိုင်ဘက်ပရိသတ်တွေက ရန်စလှောင်ပြောင်နေတာတွေကို ကြံ့ကြံ့ခံပြီးအသင်းရလဒ်ကောင်းဖို့ပဲ ဦးစားပေးကစားခဲ့ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ၂၀၀၆-၀၇ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတွေဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ အဲဒီရာသီမှာမန်ယူအသင်းအတွက် လိဂ်ဂိုးအများဆုံး (၁၇ဂိုး)သွင်းယူခဲ့ပြီး ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းသူနေရာမှာလည်း သူနဲ့ရွန်နီတို့ (၂၃)ဂိုးစီနဲ့ ပူးတွဲဦးဆောင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အဲဒီရာသီမှာ (၃)နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ခဲ့ပြီး ၁၉၉၉ တုန်းကလို ဖလား (၃)လုံးမျှော်လင့်ချက်လည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ FA ဖလားဗိုလ်လုပွဲမှာ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးအသင်းကို အချိန်ပိုရောက်မှ ဒရော့ဘာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ရှုံးခဲ့ရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်မှာ အေစီမီလန်ကို မကျော်ဖြတ်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်ဖလား တစ်လုံးနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

 

■ စီရော်နယ်ဒို-မော်ရင်ဟို ပြောင်းပြန်အချိုး

ပရီးမီးယားလိဂ် တစ်နည်းအားဖြင့် အင်္ဂလန်ကိုရောက်ရှိလာတဲ့ ပေါ်တူဂီလူမျိုး(၂)ဦးရဲ့ ကံကြမ္မာကဆန်းကြယ်လွန်းလှပြီး ပြောင်းပြန်အချိုးကျတယ်လို့ ဆိုရမလိုပါပဲ။ ဒီပေါ်တူဂီ(၂)ဦးကတော့ ကမ္ဘာ့ဘောလုံးလောကမှာ အောင်မြင်မှုတွေကြီးကြီးမားမားရယူခဲ့တဲ့ ဘောလုံးသမား စီရော်နယ်လ်ဒိုနဲ့ နည်းပြ မော်ရင်ဟိုတို့ပါပဲ။ အင်္ဂလန်ကို မော်ရင်ဟိုထက် စီရော်နယ်လ်ဒိုက တစ်နှစ်ပဲစောပြီး ရောက်ရှိခဲ့တာပါ။ စီရော်နယ်လ်ဒိုရောက်ရောက်ချင်း အချိန်ကာလတွေမှာ မန်ယူအသင်းဟာပရီးမီးယားလိဂ် အောင်မြင်မှုနဲ့ဝေးကွာခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဆုဖလားနဲ့ ပထမဆုံး အဖြစ် (၃)နှစ်ကြာဝေးကွာခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ရောက်ရောက်ချင်းရာသီမှာပဲ ပရီးမီးယားလိဂ်အောင်မြင်မှုကိုရယူခဲ့ပြီး (၂) ရာသီဆက်အဖြစ် ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၀၆-၀၇ ဘောလုံးရာသီကုန်မှာ စီရော်နယ်လ်ဒိုက ပရီးမီးယားလိဂ်ဆုဖလားကို ပထမဆုံးအကြိမ်အဖြစ် ကိုင်မြှောက်နိုင်ခဲ့ပြီး ဒီအချိန်မှာတော့ ချယ်လ်ဆီးနည်းပြမော်ရင်ဟိုအပေါ် ဖိအားတွေကများပြားလာပါတယ်။ ပေါ်တူဂီမှာကတည်းက စီရော်နယ်လ်ဒိုရဲ့ ကလပ် စပို့တင်းလစ္စဘွန်းအသင်းနဲ့ မော်ရင်ဟိုရဲ့ကလပ် ပေါ်တိုအသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေဖြစ်ခဲ့ကြလို့ သူတို့(၂)ဦးကြား တစောင်းစေးနဲ့ မျက်ချေးဆိုသလို ကြည့်မရတဲ့ အနေအထားမျိုးတွေရှိခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ တစ်ဦးနဲ့တစ်ဦးထိကပါးရိကပါးပြောတာတွေရှိခဲ့ပြီး ဗြိတိန်မီဒီယာတွေကလည်း သူတို့ (၂)ဦးကြား အဆင်မပြေမှုကြီးထွားအောင်မီးထိုးပေးခဲ့ပါတယ်။

■ အောင်မြင်တဲ့ ၂၀၀၇-၀၈

၂၀၀၇-၀၈ ဘောလုံးရာသီကတော့ စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝဖြတ်သန်းမှုမှာ အောင်မြင်မှုအကြီးဆုံးရာသီဖြစ်ခဲ့ပါတယ်။ ၂၀၀၇ နွေရာသီမှာ ဖာဂူဆန်က နာနီ၊ အန်ဒါဆန်အစရှိတဲ့ ကစားသမားတွေကို ပေါ်တူဂီလိဂ်ကနေခေါ်ယူလိုက်ပြီး ဒီကစားသမားတွေဟာ စီရော်နယ်လ်ဒိုကို စီနီယာတစ်ဦးလို လေးလေးစားစားရှိတာကြောင့် အသင်းကကစားသမားတွေကြား စီရော်နယ်လ်ဒိုရဲ့ အနေအထားကအဆင့်တစ်ဆင့် မြင့်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၇-၀၈ ရာသီအတွင်း ဘော်လ်တန်နဲ့ ကစားတဲ့ အိမ်ကွင်းပွဲစဉ်မှာ နည်းပြဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုကို အသင်းခေါင်းဆောင်လက်ပတ်ပေးဝတ်လိုက်ပြီး သူ့ရဲ့ခေါင်းဆောင်လုပ်လိုတဲ့စိတ်ကို မီးစာမြှင့်ပေးလိုက်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းမှာတာဝန်ယူမှု၊ တာဝန်ခံမှုပိုရှိလာအောင် ဖာဂူဆန်က မသိမသာလေးပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။ ဘော်လ်တန်နဲ့ပွဲမှာ စီရော်လ်နယ်ဒိုက အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံးကို သွင်းယူခဲ့ပါတယ်။၂၀၀၇-၀၈ ဘောလုံးရာသီကုန်မှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို ထပ်မံရယူနိုင်ခဲ့ရုံမက ချန်ပီယံလိဂ်ချန်ပီယံဆုကိုပါ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဲဒီရာသီမှာ စီရော်နယ်လ်ဒိုဟာ အသင်းအတွက်လိဂ်ဂိုး (၃၁)ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု၊ ဥရောပ ရွှေဖိနပ်ဆုတွေရခဲ့သလို၊ ချန်ပီယံလိဂ်မှာလည်း (၈)ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးဆု၊ UEFA ကလပ် အကောင်းဆုံးရှေ့တန်းကစားသမားဆုတွေ ရရှိခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဒီဆုအပြင် ၂၀၀၇-၀၈ ရာသီမှာ အခြားတစ်ဦးချင်းထူးချွန်ဆုများစွာရယူဆွတ်ခူးပြီး အောင်မြင်ခဲ့ပေမယ့် မော်ရင်ဟိုကတော့ ၂၀၀၇စက်တင်ဘာလမှာ ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

မော်ရင်ဟိုနေရာအစားထိုးတဲ့ အစ္စရေးလူမျိုးနည်းပြအေဗရန်ဂရန့်က ချယ်လ်ဆီးအသင်းကို ၂၀၀၇-၀၈ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် အောင်စွမ်းဆောင်ပေးခဲ့ပြီး ဗိုလ်လုပွဲမှာပထမဆုံး All English Final တွေ့ဆုံမှုအဖြစ် ချယ်လ်ဆီးနဲ့ မန်ယူတို့တွေ့ဆုံခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ မန်ယူတို့ ဗိုလ်လုပွဲကစားဖို့ရက်ပိုင်းအလိုမှာ ဒီပွဲမှာကစားမယ့် ဘောလုံးအမျိုးအစားဘောလုံး တစ်လုံးဟာ မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေး ကွင်းကိုရောက်ရှိလာပါတယ်။ အခြားမန်ယူကစားသမားတွေက ဒီဘောလုံးကိုသိပ်ပြီးအလေးအနက်မထားခဲ့ပေမယ့် စီရော်နယ်လ်ဒိုကတော့ ဒီဘောလုံးကို ကျောက်သမားတစ်ဦးက အဖိုးတန်ပတ္တမြားတစ်လုံးကိုကြည့်သလို သေသေချာချာ ဆန်းစစ်လေ့လာခဲ့ပါတယ်။ မန်ယူလက်ထောက်နည်းပြကွီရော့ဇ်နဲ့အတူ ဘောလုံးရဲ့ အလေးချိန်၊ မျက်နှာပြင်အနေအထား အစရှိတာတွေကို သေသေချာချာကြည့်ရာမှာ အရင်ကစားဖူးတဲ့ ဘောလုံးတွေနဲ့ ကွာခြားတာကိုတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီဘောလုံးနဲ့ယဉ်ပါးစေဖို့အတွက် စီရော်နယ်လ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ပါတယ်။ ဂိုးပေါက်ကိုနေရာစုံကနေ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကန်သွင်းခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ပုံစံမျိုးစုံလေ့ကျင့်ခဲ့ပါတယ်။

■ ခံစားချက်တွေ ရောပြွန်းခဲ့တဲ့ ဗိုလ်လုပွဲ

ဒီဗိုလ်လုပွဲဟာ စီရော်နယ်လ်ဒိုအတွက် အနိမ့်အမြင့်ခံစားချက်မျိုးစုံနဲ့ အလွန်ကိုရင်ခုန်ခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ မန်ယူအသင်းရရှိခဲ့တဲ့ တစ်လုံးတည်းသော ဦးဆောင်ဂိုးကိုပွဲချိန် (၂၆)မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပေမယ့် သူ့ကြောင့်ပဲ မန်ယူအသင်းက ချန်ပီယံလိဂ်ဆုဖလားနဲ့ ဝေးကွာလုအခြေအနေကို ရောက်ရှိခဲ့လို့ပါ။ ချယ်လ်ဆီးနဲ့ မန်ယူအသင်းတို့ဟာ အချိန်ပိုကစားပြီးချိန်အထိ (၁-၁)ဂိုးနဲ့သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုဟာ တတိယမြောက်ပယ်နယ်တီကိုကန်ခဲ့ရပြီး ဒီပယ်နယ်တီအဆုံးအဖြတ်မှာ မန်ယူအသင်းအတွက်တစ်ဦးတည်းသော ပယ်နယ်တီလွဲချော်သူဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ပထမ(၄)လုံးစလုံး ဝင်ခဲ့ပြီး အောင်ပွဲခံရမယ့် ပွဲသိမ်းပယ်နယ်တီကို အသင်းခေါင်းဆောင်တယ်ရီက ကန်ဖို့တည်နေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ရှုံးနိမ့်မှုဆိုတာကို သေလောက်အောင်ကြောက်တဲ့ စီရော်နယ်လ်ဒိုရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေစိုလာပြီး သူ့ကြောင့် အသင်းအောင်မြင်မှုနဲ့ လွဲချော်မှာကို အတော်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီနောက်ဆုံး ပယ်နယ်တီကန်သွင်းရာမှာ တယ်ရီဟာချော်လဲသွားခဲ့ပြီး ဂိုးမဝင်ခဲ့တာကြောင့် နောက်ထပ် Sudden Death ပယ်နယ်တီတွေတစ်လုံးချင်းစီ ကန်ရဖို့ဖြစ်လာပါတယ်။ ချယ်လ်ဆီးအတွက် တိုက်စစ်မှူး အနယ်လ်ကာပယ်နယ်တီလွဲချော်ခဲ့ပြီး မန်ယူအသင်းအနိုင်ရသွားချိန်မှာတော့ စီရော်နယ်လ်ဒိုဟာကလေးတစ်ယောက်လို အော်ဟစ်ငိုကြွေးခဲ့ပြီး မျက်ရည်တွေနဲ့အတူအောင်ပွဲခံခဲ့ပါတယ်။ ဒီချန်ပီယံလိဂ်အောင်ပွဲဟာ စီရော်လ်နယ်ဒိုကို ၂၀၀၈ခုနှစ်မှာ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရှိစေဖို့လည်း အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းအတွက် ၂၀၀၈ခုနှစ်အတွင်း အောင်မြင်မှုတွေရယူဖို့ ကွင်းအတွင်းကြိုးပမ်းနေချိန်မှာ ကွင်းပြင်ပမှာတော့ စီရော်နယ်လ်ဒိုအတွက် ရတက်မအေးစရာအခြေအနေတစ်ခုကို ကြုံခဲ့ရပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့မိခင် ဒိုလိုဂိုရက်စ်ဟာ ရင်သားကင်ဆာကြောင့် ဆေးရုံမှာ တက်ရောက်ခွဲစိတ်ခဲ့ရတာပါ။ ဒါပေမဲ့ ငွေကြေးများစွာအကုန်အကျခံပြီး အကောင်းဆုံးကုသမှု ခံယူခဲ့တာကြောင့် လျင်လျင်မြန်မြန်ပဲ ပျောက်ကင်းသက်သာလာပြီး သူ့သားဖြစ်သူရဲ့ ဆုဖလားအောင်ပွဲတွေမှာ ပါဝင်အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Photos: AP,Gettyimages,PA,Man Utd,Daily Mail,Mirror,The Sun ...

Most Read

Most Recent