ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၇)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၇)
Published 4 September 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

 

■ အကောင်းအဆိုး တတိယရာသီ

စီရော်နယ်လ်ဒိုရဲ့ မန်ယူတတိယရာသီဖြစ်တဲ့ ၂၀၀၅-၀၆ ရာသီကတော့ ကွင်းတွင်းကွင်းပြင်အကောင်းတွေရော အဆိုးတွေပါ ကြုံတွေ့ခဲ့ရတဲ့ ရာသီလို့ဆိုရမှာပါ။ မန်ယူအသင်းမှာ ခြေစွမ်းအတော်လေးတည်တည်ငြိမ်ငြိမ်ရှိလာပြီး အသင်းရဲ့အဓိက ကစားသမားဖြစ်လာတဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၀၅ အောက်တိုဘာလထဲမှာ မုဒိန်းမှုတစ်ခုကျူးလွန်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုနဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကိုဖြစ်သူ နူနိုတို့ဟာ အမျိုးသမီးငယ် (၂)ဦးကို ဗလက္ကာယပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ ဒီစွပ်စွဲမှုအတွက် စီရော်နယ်လ်ဒိုဟာ လန်ဒန်ရဲစခန်းမှာ မိမိသဘောဆန္ဒအလျောက် ကိုယ်တိုင်သွားရောက်ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဗြိတိန်သတင်းစာတွေရဲ့ ခေါင်းစဉ်မှာတော့ " Arrest " ဆိုတဲ့ စကားလုံးကိုသုံးစွဲကြပြီး စီရော်နယ်လ်ဒို မုဒိန်းမှုကြောင့် အဖမ်းခံရတယ်ဆိုတဲ့ သဘောမျိုးရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ဒီအမှုဟာ သက်သေထင်ရှားခြင်းမရှိသလို၊ စွပ်စွဲတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ ပြင်သစ်လူမျိုးမိန်းကလေးက သူမရဲ့စွပ်စွဲမှုကို ရုပ်သိမ်းခဲ့လို့ တရားရုံးအထိ မရောက်ခဲ့ဘဲအမှုက ပြီးဆုံးသွားခဲ့ပါတယ်။ တကယ်တော့ စီရော်နယ်လ်ဒိုတို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့နိုက်ကလပ်၊ ဘားတွေကို ညဖက်သွားရောက်ပျော်ပါးရာမှာ မကောင်းတဲ့ အမျိုးသမီးတချို့က ထောင်ချောက်ဆင်ပြီး ငွေညှစ်ဖို့ကြိုးစားတာလည်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပွားအပြီး နှစ်လအကြာ ၂၀၀၅ ဒီဇင်ဘာလထဲမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဘင်ဖီကာ ၂-၁ မန်ယူပွဲစဉ်မှာ စီရော်နယ်လ်ဒိုဟာ စိတ်မထိန်းနိုင်တဲ့ လုပ်ရပ်တစ်ခုကြောင့် မီဒီယာတွေရဲ့ပစ်မှတ်ဖြစ်ခဲ့သလို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့အရေးယူမှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ပေါ်တူဂီကလပ်ဘင်ဖီကာအသင်းဟာ စီရော်နယ်လ်ဒိုရဲ့ အသင်းဟောင်းစပို့တင်း လစ္စဘွန်းအသင်းရဲ့ခါးသီးတဲ့ ပြိုင်ဘက်အသင်း တစ်သင်းဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းမှာ စီရော်နယ်လ်ဒိုကစားစဉ်ကတည်းက သူ့ကိုအမြင်မကြည်တဲ့ ဘင်ဖီကာပရိသတ်ဟာ ဘင်ဖီကာ-မန်ယူပွဲမှာ စီရော်နယ်လ်ဒိုကို ပစ်မှတ်ထားပြီး လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ စီရော်နယ်လ်ဒို ဘောလုံးနဲ့ထိတိုင်း အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ဘောလုံးအပေးမှားရင်လည်း ပွဲကြည့်စင်ပေါ်ကနေ ဝမ်းသာအားရဆူညံစွာ လှောင်ပြောင်ခဲ့ကြပါတယ်။ ပွဲချိန် (၆၇)မိနစ်မှာ နည်းပြဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုကို တောင်ကိုရီးယားကွင်းလယ်လူ ပက်ဂျီဆန်နဲ့ လူစားလဲခဲ့ပါတယ်။ ကွင်းပြင်ကို စီရော်နယ်လ်ဒိုထွက်ခွာလာချိန်မှာ ဘင်ဖီကာပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်သံက ပိုမိုကျယ်လောင်လာပါတယ်။ ကွင်းဘေးစည်းကိုရောက်လာတဲ့ စီရော်နယ်လ်ဒိုဟာ ဘင်ဖီကာပရိသတ်တွေရှိရာကို ရည်ညွှန်းပြီး သူ့ရဲ့လက်ကိုခေါင်းနဲ့ကပ်ကာ လက်ခလယ်ထောင်ပြလိုက်ပါတယ်။ သူ့ရဲ့လုပ်ရပ်ဟာ ပွဲကြည့်စင်ပေါ်က ဘင်ဖီကာပရိသတ်တွေကို ပိုမိုသွေးဆူသွားစေခဲ့ပြီး ပေါ်တူဂီမီဒီယာတွေနဲ့ ဗြိတိန်မီဒီယာတွေက သူလက်ခလယ်ထောင်တဲ့ ပုံကို Highlight လုပ်ဖော်ပြခဲ့ကြပါတယ်။ UEFA က ဒီလုပ်ရပ်အတွက် စီရော်နယ်လ်ဒိုကို ဥရောပပွဲစဉ်တစ်ပွဲ ကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒဏ်ငွေအဖြစ်ပေါင် (၄၀၀၀)လည်း တပ်ရိုက်ခဲ့ပါတယ်။

ဘင်ဖီကာ - မန်ယူပွဲစဉ်အပြီး နောက်တစ်လအကြာ ၂၀၀၆ ဇန်နဝါရီလအတွင်းမှာကစားခဲ့တဲ့ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စီရော်နယ်လ်ဒိုဟာ မန်စီးတီးအသင်းက မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ကို ကြမ်းတမ်းစွာနဲ့ လူချကစားခဲ့တာကြောင့် တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီပွဲမှာ စီရော်နယ်လ်ဒိုဟာ မန်စီးတီးကစားသမားစတီဖင်ဂျော်ဒန်ရဲ့ ဖျက်ထုတ်မှုကိုခံရပြီးချိန်မှာ ဒေါသထွက်ခဲ့ပြီး ကြမ်းကြမ်းတမ်းတမ်းပြန်ကစားရာကနေ အန်ဒီကိုးလ်ကို ခြေစုံပစ်ဝင်ဖျက်ထုတ်ခဲ့တာပါ။ ဒါကြောင့် ဒိုင်လူကြီးက သူ့ကို တိုက်ရိုက်အနီကတ်ပြခဲ့ပြီး သူ့ရဲ့ဒေါသမထိန်းနိုင်တဲ့လုပ်ရပ်ကိုလည်း မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီပွဲမှာ မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက်ကို (၃- ၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

အဲဒီ ၂၀၀၅-၀၆ ဘောလုံးရာသီမှာ စီရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)ပွဲအထိကစားခွင့်ရခဲ့ပြီး (၉)ဂိုး သွင်းယူခဲ့ပါတယ်။ ဒီထဲက (၂၄)ပွဲကိုတော့ ပွဲထွက်ကစားခဲ့ရတာပါ။ မန်ယူအသင်းအနေနဲ့ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ဝေးကွာနေမှုကို အဆုံးမသတ်နိုင်သေးဘဲ မော်ရင်ဟိုရဲ့ချယ်လ်ဆီးအသင်းကပဲ (၂)ရာသီဆက်ဗိုလ်စွဲခဲ့ပါတယ်။ မန်ယူအသင်းဟာ အဲဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကထွက်ခဲ့ရပြီး၊ FA ဖလားမှာလည်း ပဉ္စမအဆင့်မှာ လီဗာပူးလ်ကို မကျော်ဖြတ်နိုင်ဘဲ ထွက်ခဲ့ရပါတယ်။ အသင်းအတွက် သိက္ခာဆယ်ဖလားတစ်လုံးကတော့ လိဂ်ဖလားသာဖြစ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အသင်းငယ်ဝီဂန်ကို (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး နစ္စတယ်ရွိုင်းက အရံခုံမှာထိုင်ခဲ့ရပြီး သူနဲ့ဆက်ဆံရေးမပြေလည်တဲ့ စီရော်နယ်လ်ဒိုက ပွဲထွက်ကစားခွင့်ရခဲ့သလို အသင်းအတွက် ပွဲသိမ်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နစ္စတယ်ရွိုင်း Vs စီရော်နယ်လ်ဒို အားပြိုင်မှုတိုက်ပွဲမှာတော့ ဒတ်ချ်တိုက်စစ်မှူးကြီး ရှုံးနိမ်ခဲ့ပါတယ်။ ၂၀၀၆ နွေရာသီမှာ ဖာဂူဆန်ဟာ နစ္စတယ်ရွိုင်းကို ရီးယဲလ်မက်ဒရစ်အသင်းထံ ပေါင် (၁၀ .၂)သန်းနဲ့ ရောင်းချလိုက်ပါတယ်။ ၂၀၀၅-၀၆ ရာသီအတွင်းမှာလည်း အသင်းခေါင်းဆောင် ရွိုင်ကင်းနဲ့ ဖာဂူဆန် ပြဿနာတက်ခဲ့ပြီး ၂၀၀၅၊ နိုဝင်ဘာလအတွင်း ရွိုင်ကင်းကို မန်ယူအသင်းက ထွက်ခွင့်ပြုခဲ့ပါတယ်။ ၂၀၀၆နွေရာသီကာလအတွင်း မန်ယူအသင်းအတွက် ဖာဂူဆန်ပြန်ပြီးဖြည့်တင်းခဲ့တဲ့ တစ်ဦးတည်းသောကစားသမားကတော့ စပါးကွင်းလယ်လူ မိုက်ကယ်ကာရစ်ဖြစ်ပါတယ်။ ကာရစ်ကို ရွိုင်ကင်းနေရာ အစားထိုးဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်အနေနဲ့ နစ္စတယ်ရွိုင်းနေရာအစားထိုးဖို့ တိုက်စစ်မှူးအသစ်မခေါ်တဲ့ သဘောကတော့ အသင်းမှာရှိနေတဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ရွန်နီ၊ စီရော်နယ်လ်ဒိုတို့အပေါ် တိုက်စစ်တာဝန်တွေ ပုံပေးချင်တဲ့သဘောဖြစ်ပြီး ဒီကစားသမားလေးတွေဆီက လုပ်အားနှုန်းကို ပိုပြီးညှစ်ထုတ်တဲ့သဘောလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ (၃) နှစ်ကြာဝေးကွာနေတဲ့ အခိုက်အတန့်ဟာ ဥယျာဉ်မှူးဖာဂူဆန်အတွက် သူပျိုးထောင်နေတဲ့ ပန်းပွင့်အငုံအဖူးလေးတွေ ပွင့်လန်းလာအောင် ရေလောင်းပေါင်းသင်ပြီး စောင့်ကြည့်နေရတဲ့ကာလလို့လည်း ဆိုနိုင်ပါတယ်။

■ ၂၀၀၆ ကမ္ဘာ့ဖလား

၂၀၀၅-၀၆ရာသီအပြီး နွေရာသီမှာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေပြီး ယူရို- ၂၀၀၄ ပြိုင်ပွဲမှာဗိုလ်လုပွဲရောက်ခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အသင်းတွေထဲ ပါဝင်နေပါတယ်။ ပေါ်တူဂီအသင်းရဲ့ ဘရာဇီးလ်လူမျိုးနည်းပြ စကိုလာရီဟာ ဖီဂို၊ ပေါ်လက်တာ အစရှိတဲ့ ဝါရင့်ကစားသမားတွေနဲ့ ၂၀၀၄ ချန်ပီယံလိဂ်ချန်ပီယံ ပေါ်တိုအသင်းက ဒေကို၊ မန်နစ်ချ်၊ ကာဗယ်လ်ဟို၊ ကော်စတင်ဟာ အစရှိတဲ့ကစားသမားတွေကို အခြေခံပြီး သူ့အသင်းကို တည်ဆောက်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုကတော့ ပေါ်တူဂီအသင်းရဲ့ စောင့်ကြည့်ရမယ့် ကြယ်ပွင့်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အုပ်စုမှာ အီရန်၊ မက္ကဆီကို၊ အန်ဂိုလာအစရှိတဲ့ အသင်းတွေကိုအနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ရှုံးထွက် (၁၆) သင်းအဆင့်မှာ အနီ၊ အဝါကတ်တွေပလူပံျခဲ့ပြီး ပေါ်တူဂီအသင်းဟာ နယ်သာလန်အသင်းကို မန်နစ်ချ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့အသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ပေါ်တူဂီအသင်းဆုံတွေ့ခဲ့ပါတယ်။ ပေါ်တူဂီ - အင်္ဂလန်ပွဲရဲ့ ပွဲချိန် (၆၂)မိနစ်မှာ ကမ္ဘာ့မီဒီယာတွေ အာရုံစိုက်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကွင်းလယ်မှာ ပေါ်တူဂီနောက်ခံလူ ကာဗယ်လ်ဟိုနဲ့ အင်္ဂလန်တိုက်စစ်မှူး ရွန်နီတို့ ဘောလုံးကိုလုယူဖို့ကြိုးစားရာမှာ လဲကျနေတဲ့ ကာဗယ်လ်ဟိုရဲ့ ပေါင်ကြားကို ရွန်နီကဖနောင့်နဲ့ နင်းလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ ကာဗယ်လ်ဟို မြက်ခင်းပြင်ပေါ် ပက်လက်လန်ပြီး နာကျင်စွာ အော်ဟစ်နေချိန်မှာ သူတို့နားကို အပြေးကလေး ရောက်လာသူက စီရော်နယ်လ်ဒိုပါပဲ။ စီရော်နယ်လ်ဒိုဟာ ဒီပွဲရဲ့ အာဂျင်တီးနားဒိုင်လူကြီး အီလီဇွန်ဒိုကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူဖို့ ဖိအားပေးတောင်းဆိုလိုက်ပါတယ်။ ပြောရရင်တော့ စီရော်နယ်လ်ဒိုတောင်းဆိုခဲ့တာ ရွန်နီကို အနီကတ်ပြဖို့ပါပဲ။ သူ့ကိုအနီကတ်ပြဖို့ မန်ယူအသင်းဖော်က တောင်းဆိုနေတာကိုတွေ့ရချိန်မှာ ရွန်နီဟာစိတ်မထိန်းနိုင်ဘဲ စီရော်နယ်လ်ဒိုရဲ့ ပုခုံးကိုတွန်းလိုက်ပါတယ်။ ဒိုင်လူကြီးအီလီဇွန်ဒိုက ရွန်နီကိုနောက်အနည်း ငယ်ဆုတ်ဖို့ညွှန်ကြားလိုက်ပြီး သူ့အိတ်ထဲကအနီကတ်ကို ထုတ်လိုက်ပါတယ်။ ရွန်နီအနီကတ်ပြခံရပြီးချိန်မှာ စီရော်နယ်လ်ဒိုရဲ့ မထင်မှတ်တဲ့လုပ်ရပ်တစ်ခုက ဒီပွဲရဲ့အဓိကအကျဆုံး ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအရံခုံတန်းဘက်ကို လှမ်းကြည့်ပြီးမျက်လုံးတစ်ဖက် မှိတ်ပြခဲ့တာပါ။ သဘောကတော့ သူ့အနေနဲ့ ပြိုင်ဘက်အပေါ် ချေမှုန်းဖို့ တာဝန်တစ်ခုကျေသွားခဲ့ပြီလို့ ဆိုလိုတာပါ။

■ မျက်နှာဖုံးသတင်းများ

နောက်တစ်နေ့ အင်္ဂလန်သတင်းစာတွေမှာ ဒီမျက်လုံးတစ်ဖက်မှိတ်တဲ့ရုပ်ပုံနဲ့အတူ ရွန်နီအနီကတ်ပြထုတ်ပယ်ခံရတာ၊ အင်္ဂလန်အသင်း ရှုံးနိမ့်တာတွေက မျက်နှာဖုံးသတင်းတွေဖြစ်ခဲ့ပါတယ်။အတင်းအဖျင်းသတင်းစာတချို့က " ဒီဖြစ်ရပ်မှာ ငါပါဝင်ခဲ့တယ်။ သူ့ကို ထုတ်ပယ်ခံရအောင် ငါလုပ်နိုင်ခဲ့တယ်။ ငါတို့အောင်နိုင်ခဲ့တယ် "လို့ စီရော်နယ်လ်ဒိုပြောသယောင် ခေါင်းစဉ်တပ်ရေးသားပြီး စီရော်နယ်လ်ဒိုကို အင်္ဂလန်ပရိသတ်တွေ အမုန်းတရားကြီးထွားအောင် ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန် -ပေါ်တူဂီပွဲမှာ ပွဲချိန်မိနစ်(၁၂၀)အထိ ဂိုးမရှိသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ပေါ်တူဂီအသင်းက ပယ်နယ်တီ(၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ပေါ်တူဂီအသင်းဟာ ပြင်သစ်ကို ဇီဒန်းရဲ့တစ်လုံးတည်းသော ပယ်နယ်တီဂိုးနဲ့ရှုံးနိမ်ခဲ့ပြီး တတိယနေရာလုပွဲမှာလည်း ဂျာမနီကို (၁-၃)ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ရှုံးနိမ့်မှုတိုင်းမှာ အင်္ဂလန်မီဒီယာတွေက တရားခံရှာလေ့ရှိကြတဲ့ထုံးစံအတိုင်း စီရော်နယ်လ်ဒိုဟာ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားရှုံးနိမ့်မှုရဲ့ အဓိကဇာတ်ဆောင်တရားခံဖြစ်လာပါတယ်။ ဒါ့အပြင် မန်ယူ အသင်းဖော်လူငယ်နှစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ ရွန်နီတို့အကြား အက်ကြောင်းကြီးမားအောင်လည်း ဗြိတိန်သတင်းစာတွေက အမျိုးမျိုးသွေးခွဲခဲ့ကြပါတယ်။ The Sun သတင်းစာက ရွန်နီဟာ ဒီပွဲအပြီး အဝတ်လဲခန်းထဲကိုရောက်လာရာမှာ " ရော်နယ်လ်ဒိုကို နှစ်ခြမ်းကွဲအောင် ဆွဲဖြဲပစ်ချင်တယ် " လို့ ပြောဆိုခဲ့တယ်ဆိုပြီး ခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ မန်ယူကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံလူဂယ်ရီနဗီးလ်ကတော့ လူကြီးလူကောင်းဆန်စွာပဲ ပေါ်တူဂီအသင်းရဲ့ အဝတ်လဲခန်းထဲကိုသွားပြီး စီရော်နယ်လ်ဒိုနဲ့ အင်္ကျီချင်းလဲခဲ့ပါတယ်။ ဒါ့အပြင် ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီအသင်း ကံကောင်းစေဖို့လည်း ဂယ်ရီနဗီးလ်က ဆုတောင်းပေးခဲ့ပါတယ်။

အဲဒီပွဲအပြီး အင်္ဂလန်အသင်းတည်းခိုရာဟိုတယ်ကိုအပြန် ကားပေါ်မှာ အင်္ဂလန်ကွင်းလယ်လူဂျရတ်က " ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဝက်ဇာရေ၊ (wazza=ဝိန်းရွန်နီကိုခင်မင်ရင်းနှီးသူများ ကခေါ်ဝေါ်ခြင်းဖြစ်သည်) တကယ်လို့သာ ငါတို့အင်္ဂလန်အသင်း စပိန်နဲ့တွေ့ပြီး (လီဗာပူးလ်က စားသမားများဖြစ်သည့်) ဇာဘီအလွန်ဆို၊ လူးဝစ်ဂါစီယာတို့က ငါ့ကိုကွင်းထဲက ထုတ်ပယ်ခံရအောင်လုပ်ခဲ့မယ်ဆိုရင် သူတို့ကိုငါတစ်သက်လုံးစကားပြောမှာ မဟုတ်ဘူး "လို့ ပြောခဲ့ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ ရွန်နီပြဿနာက နွေရာသီကာလတစ်လျှောက်လုံး စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့သတင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့ကို အင်္ဂလန်ပရိသတ်က မုန်းတီးနေတာကြောင့် စီရော်နယ်လ်ဒိုဟာ အင်္ဂလန်ကို ပြန်မလာတော့ဘဲ မန်ယူအသင်းကလည်း သူ့ကို ဒီနွေရာသီမှာရောင်းချတော့မယ်ဆိုပြီး ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

■ လှုပ်ခတ်လာတဲ့ မန်ယူအနာဂတ်

စီရော်နယ်လ်ဒိုကိုယ်တိုင်လည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး မန်ယူနည်းပြ ဖာဂူဆန်အပါအဝင် မန်ယူအသင်း တာဝန်ရှိသူတွေ သူ့ဘက်ကမရပ်တည်ခဲ့တာ၊ သူ့ကိုမဆက် သွယ်ခဲ့တာတွေကြောင့် အသင်းပြောင်းဖို့ စိတ်ကူးခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအစရှိတဲ့ စပိန်ကလပ်အသင်းကြီးတွေကလည်း ဆည်ဝကဗျိုင်းတွေလို စီရော်နယ်လ်ဒိုဆိုတဲ့ ငါးကြီးကြီးတစ်ကောင်ကို ဒီတစ်ကြိမ်မှာတော့ မလွတ်ရအောင် ထိုးသုတ်ဖို့ ချောင်းနေကြပါတယ်။ စီရော်နယ်လ်ဒိုက သူ့ရဲ့အနာဂတ်အပြောင်းအလဲအတွက် အေးဂျင့် မန်ဒက်စ်နဲ့တိုင်ပင်ရာမှာ မန်ဒက်စ်က မန်ယူအသင်းမှာပဲ ဆက်ကစားဖို့ သူ့ကို နားချတိုက်တွန်းခဲ့ပါတယ်။ ဒီနေရာမှာ အေးဂျင့် မန်ဒက်စ်ရဲ့တည်ကြည်မှုနဲ့ သူ့အကျိုးမကြည့်ဘဲ ကစားသမားအတွက်ပဲစဉ်းစားတဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို အမှတ်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့သာ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ရင် အေးဂျင့်ခမြိုးမြိုးမြက်မြက်ရနိုင်ပေမယ့် မန်ဒက်စ်ဟာ စီရော်နယ်လ်ဒိုကို ဘူးသီးနုနု အမွေးသတ်သလိုမဖြစ်စေဘဲ မန်ယူမှာပဲ သူ့ရဲ့ကစားသမားဘ၀ ဆက်ပြီးတိုးတက်စေဖို့ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ ဖာဂူဆန်ဟာ ဒီပြဿနာစဖြစ်ကတည်းက စီရော်နယ်လ်ဒိုကို မက်ဆေ့ချ်ပို့ပြီး ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုဆီက ပြန်ကြားမှုကို တစ်ပတ်လောက် ကြာတဲ့အထိမရရှိလို့ အံ့အားသင့်ခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုကလည်း ဖာဂူဆန်ဆီက အဆက်အသွယ်မရလို့ နည်းပြဖြစ်သူက သူ့ဘက်ကမရပ်တည်ဘဲ သူ့ကိုလျစ်လျူရှုနေတယ်လို့ ထင်ခဲ့ပါတယ်။ အဖြစ်မှန်ကတော့ ဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုရဲ့ဖုန်းနံပါတ်အဟောင်းကိုမှားပြီး မက်ဆေ့ချ်တွေပို့နေတာဖြစ်ပါတယ်။ တစ်ပတ်ကျော်ကြာမှ ဖုန်းနံပါတ်မှားကြောင်းသိရှိလို့ စီရော်နယ်လ်ဒိုနဲ့ အဆက်အသွယ်ပြန်ရခဲ့ပြီး လူချင်းတွေ့ဆုံ စကားပြောဖို့ ချိန်းခဲ့ကြပါတယ်။ ပေါ်တူဂီနိုင်ငံ၊ အယ်လ်ဂါဗေးကမ်းခြေမှာ နေ့လယ်စာစားရင်း တွေ့ဆုံဖို့ချိန်းဆိုခဲ့ကြပြီး ဖာဂူဆန်ဟာ အသင်းအမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်နဲ့အတူ ဂျက်လေယာဉ် တစ်စင်းငှားပြီး အယ်လ်ဂါဗေးကို ထွက်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုနဲ့တွေ့တွေ့ချင်း ဖာဂူဆန်က မန်ယူအသင်းမှာဆက်ကစားဖို့ တိုက်တွန်းတဲ့စကားတစ်ခွန်းကို ခုလိုပြောကြားခဲ့ပါတယ်။ " မန်ယူအသင်းကိုရောက်လာသူထဲမှာ မင်းက အရဲရင့်ဆုံး ကစားသမားတွေထဲက တစ်ဦးပဲ၊ စိန်ခေါ်မှုတွေကို ရင်မဆိုင်ချင်လို့ ထွက်ခွာသွားတာဟာ သတ္တိရှိသူ တွေရဲ့လုပ်ရပ်မဟုတ်ဘူး "လို့ ဖာဂူဆန်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ၁၉၉၈ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရတုန်းကလည်း မန်ယူကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်ဟာ အင်္ဂလန်အသင်းရှုံးနိမ့်မှုရဲ့ တရားခံဖြစ်ခဲ့ရကြောင်း၊ ဒါပေမဲ့ ဘက်ခမ်ဟာ သူ့အပေါ်ကျရောက်လာတဲ့ ဖိအားတွေကို ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့ကြောင်း ဖာဂူဆန်က ဥပမာပေးပြောကြားခဲ့ပါတယ်။ သူ့ရှေ့က မန်ယူနံပါတ်(၇)သူရဲကောင်း နဲ့နှိုင်းယှဉ်ပြီး ဖာဂူဆန်က စီရော်နယ်လ်ဒိုကို အညှာကိုင်လိုက်တာလည်းဖြစ်ပါတယ်။ ဘောလုံးနဲ့ပတ်သက်လာရင် ဘာကိုမှအရှုံးမပေးချင်တဲ့ စီရော်နယ်လ်ဒိုဟာ ဖာဂူဆန်စိတ်ဆွရာမှာ မခံချင်စိတ်တွေ နိုးထလာခြင်းနဲ့အတူ မန်ယူအသင်းကို သူပြန်လာမယ့်အကြောင်း ကတိပေးလိုက်ပါတယ်။

ဒီပြဿနာမှာ ချီးကျူးရမှာကတော့ ရွန်နီပါပဲ။ ရွန်နီဟာ သဘောထားကြီးစွာနဲ့ စီရော်နယ်လ်ဒိုနဲ့ သူ့ရဲ့ကြားက အဖုအထစ်ကို ပြေလျော့စေခဲ့ပါတယ်။ ပြီးတော့ ရာသီသစ်မစခင် နွေရာသီကာလတစ်လျှောက်လုံး သူတို့နှစ်ဦးကြား မက်ဆေ့ချ် အပြန်အလှန်ပေးပို့ပြီး အရင်လိုပဲ သူငယ်ချင်းတွေလို အဆက်အသွယ်မပြတ် ရှိခဲ့ပါတယ်။ ဒါ့အပြင် ရွန်နီက စီရော်နယ်လ်ဒိုအပေါ်ကို ပရိသတ်တွေ အမုန်းတရားလျော့ကျစေမယ့် စကားတစ်ခွန်းကိုလည်း အံ့အားသင့်ဖွယ်ပြောခဲ့ပါတယ်။ အဲဒါကတော့ ပေါ်တူဂီ- အင်္ဂလန်ပွဲမှာ သူကိုယ်တိုင်လည်း စီရော်နယ်လ်ဒို အဝါကတ်ပြခံရအောင် ကြိုးစားခဲ့တယ်ဆိုတာပါပဲ။ " ဒီပွဲမှာ စီရော်နယ်လ်ဒို ဒိုင်ဗင် ပစ်တယ်ဆိုပြီး သူ့ကိုအဝါကတ်ပြဖို့ ဒိုင်လူကြီးကို ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်လုပ်ခဲ့တာကလည်း သူလုပ်ခဲ့တဲ့အတိုင်း ဆိုးရွားတဲ့လုပ် ရပ်တစ်ခုပါပဲ "လို့ ရွန်နီကပြောခဲ့တာပါ။ ရွန်နီကို အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီး အီလီဇွန်ဒိုကလည်း ဒီပြဿနာမှာ စီရော်နယ်လ်ဒိုအပေါ် ကျရောက်လာတဲ့ ဖိအားတွေလျော့ပါးအောင်ပြုလုပ်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ စီရော်နယ်လ်ဒို တောင်းဆိုသည် ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ မိမိအနေနဲ့ ရွန်နီကို အနီကတ်ပြဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ အီလီဇွန်ဒိုက ပြောခဲ့တာပါ။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent