<

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပိုလန် နှင့် ပေါ်တူဂီ (သောကြာနံနက် ၁း၁၅ နာရီ)
ပိုလန်က အီတလီကို အဝေးကွင်းမှာ သရေကစားထားပြီး၊ ပေါ်တူဂီကတော့ အိမ်ကွင်းမှာ အီတလီကို အနိုင်ကစားထားပါတယ်။ ဒီပွဲကစားပြီးရင် (၃)သင်းစလုံး (၂)ပွဲစီတူသွားမှာဖြစ်ပြီး ပိုလန်နဲ့ ပေါ်တူဂီတို့ကတော့ အုပ်စုထိပ်ဆုံးနေရာကိုလုရမယ့် အနေအထားဖြစ်နေတယ်။ လက်ရှိအချိန်မှာ ပိုလန်ရဲ့လူအင်အားက ဥရောပထိပ်တန်းအဆင့်မှာရှိပြီး ပေါ်တူဂီကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့အနေအထားမှာရှိနေတယ်။ တိုက်စစ်ပိုင်းမှာ လီဝန်ဒေါစကီး၊ မီလစ်ခ်တို့နဲ့အတူ ဂျီနိုအာမှာ ဂိုးတွေဆက်တိုက်သွင်းပြီး ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ပီယွန်တက်ခ်တို့ရှိသလို၊ ကွင်းလယ်၊ ခံစစ်၊ ဂိုးသမားနေရာတွေမှာလည်း အင်အားတောင့်တင်းပါတယ်။ ပေါ်တူဂီမှာတော့ စီရော်နယ်လ်ဒိုမပါဘဲ ဘာနာဒိုဆေးလ်ဗား၊ အန်ဒရေဆေးလ်ဗား၊ ဟယ်လ်ဒါ ကော်စတာ၊ ဂယ်ဒက်စ်တို့နဲ့ ပိုလန်ကိုရင်ဆိုင်မှာပါ။ ပေါ်တူဂီရဲ့လူအင်အားကလည်း မဆိုးဘူးလို့ပြောနိုင်ပေမယ့် ပိုလန်အသင်းရဲ့ မာကျောမှု၊ တောင့်တင်းမှုတွေကြောင့် ပေါ်တူဂီအတွက် အခက်အခဲရှိပါတယ်။ ခြေစွမ်းချင်းညီပြီး အကြိတ်အနယ်ရှိတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ အိမ်ရှင်အသင်းကိုပဲ ကြိုက်တယ်။

Photos:AFP

အစ္စရေး နှင့် စကော့တလန် (သောကြာနံနက် ၁း၁၅ နာရီ)
စကော့တလန်က ဒီအုပ်စုမှာ အယ်လ်ဘေးနီးယားကို အနိုင်ကစားထားပြီး၊ အစ္စရေးလ်ကတော့ အယ်လ်ဘေးနီးယားကို ရှုံးထားတယ်။ စကော့တလန်အသင်းမှာ လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်၊ မန်ယူကွင်းလယ်လူ တွမ်မီနေး၊ ၀က်စ်ဟမ်း ကွင်းလယ်လူ ဆနော့ဂရက်စ်တို့လို ကစားသမားတွေရှိပြီး လူအင်အားမဆိုးဘူးလို့ ပြောလို့ရတယ်။ အစ္စရေးလ်ကတော့ ပြည်တွင်းလိဂ်အခြေစိုက်ကစားသမားတွေနဲ့ စုဖွဲ့ထားပြီး အရင်လို မာကျောမှုမျိုးလည်း မရှိတော့ပါဘူး။ အိမ်ကွင်းမှာ အစ္စရေးသရေခံကစားဖို့လောက်ပဲ မျှော်လင့်ရမှာဖြစ်ပြီး စကော့တလန်ပဲ နိုင်သင့်တဲ့ပွဲပါ။

လစ်သူယေးနီးယား နှင့် ရိုမေးနီးယား (သောကြာနံနက် ၁း၁၅ နာရီ)
မွန်တီနီဂရိုးနဲ့ ဆားဘီးယားတို့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဒီနှစ်သင်းစလုံးကို သရေကစားထားတဲ့ ရိုမေးနီးယား အခွင့်အရေးယူရမယ့်ပွဲဖြစ်ပါတယ်။ လစ်သူယေးနီးယားကို ဆားဘီးယားရော၊ မွန်တီနီဂရိုးပါ အနိုင်ကစားထားကြတဲ့အတွက် ရိုမေးနီးယားအတွက်လည်း ဒီပွဲနိုင်မှ အပေါ်ကအသင်းနှစ်သင်းကို ဖိအားပေးနိုင်မှာပါ။ လက်ရှိခြေစွမ်းရော၊ လူအင်အားပါကွာတဲ့အတွက် ရိုမေးနီးယား မဖြစ်မနေအနိုင်ကစားမှာပါ။

မွန်တီနီဂရိုး နှင့် ဆားဘီးယား (သောကြာနံနက် ၁း၁၅ နာရီ)
ဒါဘီပွဲလို့ ပြောလို့ရပြီး၊ နှစ်သင်းစလုံးအတွက်တော့ အကြိတ်အနယ်ကစားကြမယ့်ပွဲပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆားဘီးယားက ပိုမိုတောင့်တင်းကောင်းမွန်တဲ့လူအင်အားကို ပိုင်ဆိုင်ထားပါတယ်။ ဒီအုပ်စုမှာ နှစ်သင်းစလုံးက (၂)ပွဲကစား၊ (၄)မှတ်စီရထားကြပြီး အနိုင်ရတဲ့အသင်းက အုပ်စုကို ဦးဆောင်ခွင့်ရမှာပါ။ မွန်တီနီဂရိုးမှာ ကစားသမားကောင်းတချို့ရှိပေမယ့် ကိုလာရော့ဗ်၊ တာဒစ်၊ မာတစ်၊ မီလင်ကိုဗစ်၊ မီထရိုဗစ်တို့လို ကစားသမားစုဖွဲ့မှုကို ပိုင်ဆိုင်ထားတဲ့ ဆားဘီးယားက အများကြီးပိုကောင်းနေပါတယ်။ ဆားဘီးယားပဲကြိုက်တယ်။

ဖာရိုးကျွန်းစုများ နှင့် အဇာဘိုင်ဂျန် (သောကြာနံနက် ၁း၁၅ နာရီ)
အရင်က အဇာဘိုင်ဂျန်က ပိုကောင်းခဲ့ပေမယ့် အခုအချိန်မှာတော့ ဖာရိုးကျွန်းစု ခြေတက်လာတာရော၊ အဇာဘိုင်ဂျန် ခြေကျလာတာကြောင့် ဖာရိုးက ပိုကောင်းလာပါတယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ ဖာရိုး အနိုင်ကစားမှာပါ။

ကိုဆိုဗို နှင့် မော်လ်တာ (သောကြာနံနက် ၁း၁၅ နာရီ)
အသင်းသစ်ဆိုပေမယ့် ကိုဆိုဗိုက ဘောလုံးရေခံမြေခံကောင်းပြီး ကစားသမားကောင်းတွေရှိပါတယ်။ မော်လ်တာလို အသင်းမျိုးကို အိမ်ကွင်းမှာအနိုင်ကစားဖို့မခက်ပါဘူး။ ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမှာပါ။

ရုရှား နှင့် ဆွီဒင် (သောကြာနံနက် ၂း၁၅ နာရီ)
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ကြတဲ့ အသင်းနှစ်သင်းဖြစ်ပြီး ဒီအုပ်စုမှာတော့ ရုရှားက တူရကီကိုနိုင်၊ ဆွီဒင်က တူရကီကို ရှုံးထားပါတယ်။ လက်ရှိရုရှားရဲ့လူအင်အားက အားရစရာကောင်းပြီး တူရကီနဲ့ပွဲအပြီး ခြေစမ်းပွဲမှာလည်း တိုက်စစ်အားကို ပြသနိုင်ခဲ့တာတွေ့ရတယ်။ ဆွီဒင်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကစားသွားတဲ့ခြေစွမ်း၊ စိတ်ဓာတ်၊ စုစည်းမှုတွေ မတွေ့ရဘဲ ရှုံးပွဲတွေတွေ့နေပါတယ်။ ဒီပွဲမှာလည်း ရုရှားအသင်းရဲ့ အိမ်ကွင်းမှာ ဂျူဘာ၊ ချီရီရှက်ဗ်၊ ဇာဂိုယက်ဗ်တို့ရဲ့တိုက်စစ်ကို ထိန်းချုပ်နိုင်မယ်မထင်ဘူး။ အိမ်ကွင်းမှာ ရုရှားအသင်းပဲ နိုင်ပွဲဆက်ပါဦးမယ်။

 

 

October 11, 2018














Copy Protected by Chetan's WP-Copyprotect.