မြန်မာလက်ရွေးစင်တိုက်စစ်မှူး အောင်သူ ညာလက်ကောက်ဝတ်အရိုးအက် ဒဏ်ရာရရှိနေ

မြန်မာလက်ရွေးစင်တိုက်စစ်မှူး အောင်သူ ညာလက်ကောက်ဝတ်အရိုးအက် ဒဏ်ရာရရှိနေ
Published 5 October 2018

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ညာလက်ကောက်ဝတ် အရိုးအက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောင်သူသည် ယင်းဒဏ်ရာ ကြောင့် Police Tero အသင်း၏ ရာသီပိတ်လက်ကျန်ပွဲများတွင် ပါဝင်နိုင်တော့မည်မဟုတ်သလို၊ အောက်တိုဘာ(၁၀)ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်း၏ ခြေစမ်းပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။

အောင်သူသည် စက်တင်ဘာ(၃၀)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ရတ် ချာဘူရီအသင်းနှင့် ထိုင်းလိဂ်ပွဲတွင် ဒုတိယပိုင်း၌ လူစားဝင်ကစားပြီး ညာလက်ကောက်ဝတ်အရိုးအက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

"အောင်သူရဲ့ ဒဏ် ရာအခြေအနေက စောင့်ကြည့်ရပါဦးမယ်။ သူတို့အသင်းရဲ့ဆရာဝန်က ရက်အနည်းငယ်စောင့်ကြည့်ပြီးမှ ဘယ်လောက်နားရမလဲဆိုတာ သိရမယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ညာလက်ကောက်ဝတ်က အရိုးအသေးတစ်ချောင်း အက်သွားတာပါ။ ကြီးမားတဲ့ဒဏ်ရာမဟုတ်ပေမယ့် Police Tero ဆရာဝန်ရဲ့မှတ်ချက်ကို စောင့်ကြည့်ရမှာပါ။ သေချာတာက Police Teroအသင်းရဲ့ လက်ကျန်ပွဲတွေမှာ ပါဝင်နိုင်တော့မှာမဟုတ်သလို၊ အောက်တိုဘာ(၁၀)ရက်မှာ ယှဉ်ပြိုင်ကစားမယ့် အင်ဒိုနီးရှားအသင်းနဲ့ခြေစမ်းပွဲကိုလည်း လွဲချော်မှာပါ။ နည်းပြ အန်တွမ်နီဟေးကလည်း သူ့ကို အနားပေးလိုတာကြောင့် အဲဒီပွဲကို ခေါ်ဆောင်သွားမှာမဟုတ်ပါဘူး" ဟု မြန်မာ့လက်ရွေးစင်အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အောင်သူသည် ယင်းဒဏ်ရာကြောင့် အောက်တိုဘာ(၃)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Navy အသင်းနှင့် ထိုင်းလိဂ်ပွဲကို လွဲချော်ခဲ့ပြီး နောက်ဆုံးပွဲဖြစ်သည့် ပရာကျွတ်နှင့်ပွဲကိုပါ လွဲချော်မည်ဖြစ်သည်။

Most Read

Most Recent