ပေါ့ဘာနှင့် မော်ရင်ဟိုအကြား ဆက်ဆံရေးပြန်လည်ဆိုးရွားနေပြီး အသင်းဘတ်စ်ကားပေါ်မှလုပ်ရပ်အတွက် ပေါ့ဘာအား မန်ယူနည်းပြအဖွဲ့ ဒေါသထွက်

ပေါ့ဘာနှင့် မော်ရင်ဟိုအကြား ဆက်ဆံရေးပြန်လည်ဆိုးရွားနေပြီး အသင်းဘတ်စ်ကားပေါ်မှလုပ်ရပ်အတွက် ပေါ့ဘာအား မန်ယူနည်းပြအဖွဲ့ ဒေါသထွက်
Published 27 September 2018

 

Photos: Daily Mail

မန်ယူအသင်းတွင် အသင်းနည်းပြမော်ရင်ဟိုနှင့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာတို့အကြား ဆက်ဆံရေးမှာ ပြန်လည်ဆိုးရွားနေပြီး ပေါ့ဘာ၏လုပ်ရပ်အချို့အတွက် မန်ယူအသင်းနည်းပြအဖွဲ့ကလည်း ၎င်းကိုဒေါသထွက်နေကြောင်း သိရသည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့်အင်္ဂါနေ့က လိဂ်ဖလားတတိယအဆင့်ပွဲစဉ် မကစားမီအသင်းသားများနှင့် တွေ့ဆုံရာ၌ သူ့အနေဖြင့် ပေါ့ဘာကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်တော့မည် မဟုတ်ကြောင်း အသိပေးပြောကြားခဲ့သည်။

မော်ရင်ဟိုက သူ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ "ကျွန်တော့်အနေနဲ့ ပေါ့ဘာကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဆက်ပြီးတာဝန်ပေးတော့မှာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ သူ့ကို ဒုတိယအသင်းခေါင်းဆောင် အဖြစ် တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။ သူနဲ့ ကျွန်တော့်ကြားမှာ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်အပေါ် ရှင်းပြနေမှာတော့မဟုတ်ပါဘူး" ဟု မီဒီယာများကို ပြောကြားခဲ့သည်။

ဗြိတိန်သတင်းစာများကမူ အသင်းတွင်အနာဂတ်လှုပ်ခတ်နေသည့် ပေါ့ဘာ၏အခြေအနေနှင့် လက်ရှိသူ၏ ပြုမူပြောဆိုပုံများကြောင့် မော်ရင်ဟိုက ဒုတိယအသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြကြသည်။ ပေါ့ဘာသည် မော်ရင်ဟိုနှင့် အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်တို့အား ဘာစီလိုနာသို့ သူပြောင်းရွှေ့ကစားလိုသည်ဟု အသိပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဒုတိယအသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရသည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ မော်ရင်ဟိုအနေဖြင့် အသင်းတွင် အနာဂတ်တည်ငြိမ်မှုမရှိသူတစ်ဦးကို အသင်းခေါင်းဆောင်ရာထူးပေးရန်ဆန္ဒမရှိဟု Daily Mail က ဖော်ပြခဲ့သည်။

ထို့ပြင် ပေါ့ဘာ၏အပြုအမူများကလည်း မန်ယူအသင်းနည်းပြအဖွဲ့ကို စိတ်ဆိုးဒေါသထွက်စေကြောင်း သိရသည်။ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၁-၁) ဝုလ်ဗ်ပွဲစဉ်မတိုင်မီ ပေါ့ဘာသည် အသင်းဘတ်စ် ကားပေါ်၌ သီချင်းကျယ်လောင်စွာဖွင့်ခဲ့ခြင်းကြောင့် မန်ယူအသင်းနည်းပြအဖွဲ့သည် ၎င်းကို ဒေါသထွက်နေကြောင်း သိရှိရသည်။

အသင်းတည်းခိုရာ မန် ချက်စတာမြို့ရှိ Lowry ဟိုတယ်မှ အိုးလ်ထရက်ဖို့ဒ်ကွင်း သို့သွားရာလမ်းတွင် ပေါ့ဘာသည် ယင်းကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲမတိုင်မီ မိမိကစားမည့်ပွဲအပေါ် အာရုံစူးစိုက်မှုမရှိသည့်လုပ်ရပ်ဟု မန်ယူအသင်းနည်းပြအဖွဲ့က ယူဆနေကြကြောင်း သိရှိရသည်။ ယင်းပွဲအပြီးတွင်လည်း ပေါ့ဘာက အသင်း၏နည်းဗျူဟာအပေါ် လူသိရှင်ကြားဝေဖန်ခဲ့ရာ မော်ရင်ဟိုနှင့် နည်းပြအဖွဲ့အတွက် ဒေါသထွက် စရာဖြစ်စေခဲ့သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent