ဝီလ်ဆင်သွင်းယူခဲ့သည့် ဖရီးကစ်မှာ မိမိမြင်ဖူးသမျှထဲတွင် အကောင်းဆုံးဂိုးတစ်ဂိုးဖြစ်ကြောင်း ဂျေမီရက်နက်ပ်ချီးကျူး

ဝီလ်ဆင်သွင်းယူခဲ့သည့် ဖရီးကစ်မှာ မိမိမြင်ဖူးသမျှထဲတွင် အကောင်းဆုံးဂိုးတစ်ဂိုးဖြစ်ကြောင်း ဂျေမီရက်နက်ပ်ချီးကျူး
Published 26 September 2018

လီဗာပူးလ်အသင်းကွင်းလယ်လူဟောင်း ဂျေမီရက်နက်ပ်က မန်ယူ(၂-၂)ဒါဘီတု့ိ၏လိဂ်ဖလားပွဲစဉ်တွင် မန်ယူအသင်းဘက်သို့ ချေပဂိုးသွင်းယူခဲ့သည့် ဒါဘီတောင်ပံကစားသမား ဝီလ်ဆင်၏ဖရီးကစ်ဂိုးမှာ မိမိမြင်ဖူးသမျှထဲတွင် အကောင်းဆုံးဂိုးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

လီဗာပူုးလ်အသင်းမှ ဒါဘီသို့အငှားလာရောက်ကစားနေသော ဝီလ်ဆင်သည် ယင်းပွဲစဉ်တွင် ပွဲချိန်(၅၉)မိနစ်၌ ရရှိသည့်ဖရီးကစ်ကို ဂိုးဧရိယာအပြင်ဘက်မှ မန်ယူဂိုးသမားရိုမဲရိုး၏ညာဘက်အပေါ်ထောင့်သို့ လှလှပပကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ဂိုးမျိုးကို မန်ယူအသင်းတိုက်စစ်ကစားသမားဟောင်း စီရော်နယ်လ်ဒိုကလည်း ၂၀၀၈ခုနှစ်ကပို့စ်မောက်အသင်းနှင့်အိုးထရက်ဖို့ဒ်၌ကစားခဲ့သည့်ပွဲတွင် သွင်းယူခဲ့ဖူးသော်လည်း ရက်နက်ပ်က ဝီလ်ဆင်၏ဂိုးမှာ နည်းစနစ်ပိုင်းအရ ပိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

 

ဂျေမီရက်နက်ပ်က '' သူသွင်းယူခဲ့တဲ့ဖရီးကစ်ကတော့ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးဖြစ်ပါတယ်။ ရောဘတ်တိုကားလို့စ်လည်း ဒီလိုဖရီးကစ်မျိုးကန်ဖူးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီညပွဲကဂိုးကတော့ အသက်ရှူဖို့တောင် မေ့သွားစေလောက်တဲ့ဂိုးမျိုးပါ။ စီရော်နယ်လ်ဒိုနဲ့ဝီလ်ဆင်တု့ိရဲ့ဂိုးတွေကို နှှိုင်းယှဉ်မယ်ဆိုရင် နည်းစနစ်ပိုင်းခြားနားတယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ ဝီလ်ဆင်ရဲ့ဂိုးကို ပိုသဘောကျမိပါတယ်။ ဒီဂိုးတွေက ဂိုးသမားကို ဘာလုပ်ရမှန်းမသိစေတဲ့ဂိုးတွေပါ'' ဟုပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယင်းပွဲတွင် ပထမပိုင်း၌ မာတာ၏သွင်းဂိုးဖြင့်ပွဲကိုဦးဆောင်ခဲ့သော်လည်း ဝီလ်ဆင်၏ချေပဂိုးကိုခွင့်ပြုလိုက်ရပြီးနောက် ဦးဆောင်ဂိုးထပ်မံပေးခဲ့ရကာ ဖယ်လေနီ၏နောက်ကျချေပဂိုးကြောင့် (၂-၂)ဂိုးရလဒ်ဖြင့်ပွဲပြီးဆုံးခဲ့သည်။ ယင်းသို့သရေကျနေသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ဒါဘီအသင်းက ကန်သွင်းသည့် (၈)ဂိုးစလုံး ဂိုးဝင်ခဲ့သော်လည်း မန်ယူအသင်းဘက်မှ ဖီးလ်ဂျုံးစ်သွင်းယူသည့်ဂိုးလွဲချော်ခဲ့ခြင်းကြောင့် ပယ်နယ်တီ(၇-၈)ဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာရခဲ့သည်။

မန်ယူအသင်းနည်းပြမော်ရင်ဟိုအနေဖြင့်လည်း ချယ်လ်ဆီးတွင်လက်တွဲခဲ့ဖူးသည့် တပည့်ဟောင်းလမ်းပတ် နည်းပြအဖြစ် ပထမဆုံးကိုင်တွယ်သောအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

 

Most Read

Most Recent