လိဂ်ဖလားတွင် မန်စီးတီးနောက်တစ်ဆင့်တက်ပြီး မန်ယူအသင်းတတိယအဆင့်မှထွက်ခဲ့ရ

လိဂ်ဖလားတွင် မန်စီးတီးနောက်တစ်ဆင့်တက်ပြီး မန်ယူအသင်းတတိယအဆင့်မှထွက်ခဲ့ရ
Published 26 September 2018

Photo: Reuters

လိဂ်ဖလား တတိယအဆင့်ပထမနေ့ပွဲစဉ်များတွင် မန်စီးတီးအသင်းက အောက်စဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့သော်လည်း မန်ယူအသင်းမှာ အိမ်ကွင်းတွင် ဒါဘီကို ရှုံးနိမ့်ပြီးပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်းသိရသည်။

မန်စီးတီးအသင်းသည် League One ကလပ် အောက်စဖို့ဒ်အသင်းကို အဝေးကွင်းတွင် သက်သက်သာသာကစားပြီး (၃-ဝ) ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းတွင် ဂျေဆူး၊ မာရက်ဇ်၊ ကွန်ပနီ၊ အော်တာမန်ဒီ၊ ဂျွန်စတုန်းစ်စသည့် အဓိကကကစားသမားများ ပါဝင်ကစားခဲ့ကြသည်။

Photo: Graham Chadwick/Daily Mail

မန်စီးတီးအတွက် အနိုင်ဂိုးများကို ပွဲချိန် (၃၆) မိနစ်တွင် ဂျေဆူး၊ (၇၈) မိနစ်တွင် မာရက်ဇ်နှင့် (၉၂) မိနစ်တွင် ဖိုဒန်တို့က သွင်းယူခဲ့ကြခြင်းဖြစ်သည်။

အခြားမန်ချက်စတာမြို့ခံအသင်းတစ်သင်းဖြစ်သည့် မန်ယူအသင်းမှာမူ အိမ်ကွင်းတွင် ကစားခဲ့ရသော်လည်း လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ပွဲချိန်အတွင်း (၂-၂) ဂိုးဖြင့်သရေသာကစားနိုင်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် (၇-၈) ဂိုးဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်းသိရသည်။

မန်ယူအသင်းတွင် ပေါ့ဘာပါဝင်လာခြင်းမရှိသေ်ာလည်း လူကာကူ၊ မာတစ်၊ မာစီယဲလ်၊ မာတာ၊ ဘာယီ၊ လင်ဂတ်စသည့် ကစားသမားများဖြင့် လူစုံခဲ့သည်။

မန်ယူအသင်းသည် ဒါဘီအသင်းကို ပထမပိုင်းတွင် အသာစီးဖြင့်ကစားနိုင်ခဲ့ပြီး ပွဲအစ (၃)မိနစ်မှာပင် ဦးဆောင်ဂိုးရခဲ့သည်။

Photo: Ian Hodgson

ယင်းဦးဆောင်ဂိုးကို မာတာက လင်ဂတ်၏ပေးပို့မှုမှတစ်ဆင့် သွင်ယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် မန်ယူအသင်းဂိုးသွင်းခွင့်များ ထပ်ရခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် (၁-ဝ) ဂိုးဖြင့်ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင်တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ကစားခဲ့ကြပြီး ပွဲချိန် (၅၉) မိနစ်တွင် ဒါဘီအသင်းမထင်မှတ်ဘဲ ချေပဂိုးရရှိသွားခဲ့သည်။ ယင်းချေပဂိုးကို ကွင်းလယ်လူ ဝီလ်ဆင်ကပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းယူသွားခဲ့ခြင်းဖြစ်သည်။

ချေပဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် မန်ယူအသင်းအနိုင်ဂိုးရရန် ဒါဘီအသင်းကို ဖိအားပေးကစားသွားခဲ့သည်။ သို့သော်ပွဲချိန် (၆၇) မိနစ်တွင် တန်ပြန်တိုက်စစ်မှ ကျွံထွက်လာသည့်ဘောလုံးကို မန်ယူဂိုးသမား ရိုမဲရိုးတားဆီးရာ၌ ဂိုးစည်းအပြင်တွင် လက်ဖြင့်ထိခဲ့မိသောကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။

Photo: Ian Hodgson

ကစားသမားတစ်ယောက်အသာရသွားသည့် ဒါဘီအသင်းသည် မန်ယူကို ဖိကစားခဲ့ပြီး (၈၅) မိနစ်တွင် မာရီယော့က ဒုတိယဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

လက်ကျန်ပွဲချိန်များတွင် မန်ယူအသင်းကချေပဂိုးရရန် ကြိုးစားခဲ့ပြီး နာကျင်အချိန်ပို (၅) မိနစ်တွင် လူစားဝင်ကစားသမားဖယ်လိုင်နီက ချေပဂိုးသွင်းယူပေးခဲ့သည်။

ပွဲအပြီးအချိန်တွင် (၂-၂) ဂိုးဖြင့်သရေဖြစ်နေသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းခဲ့ရသည်။ ယင်းကန်သွင်းမှုတွင် (၈)လုံးမြောက်ပယ်နယ်တီ၌ မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ်လွဲချော်ခဲ့သည့်အတွက် ဒါဘီအသင်းက (၈-၇) ဂိုးဖြင့်အနိုင်ရပြီး နောက်တစ်ဆင့်တက်ရောက်သွားခဲ့သည်။

 

■ ယနေ့ကစားသည့် ဥရောပပွဲစဉ်များ ရလဒ်

လိဂ်ဖလား (တတိယအဆင့်)
ဘာတန် ၂-၁ ဘန်လေ
ဝိုင်ကမ်ဘီ ၃- ၄ နောဝစ်ချ်
အောက်စဖို့ဒ် ဝ-၃ မန်စီးတီး
မီဝေါလ် ၁-၃ ဖူလ်ဟမ်
ဘုန်းမောက် ၃-၂ ဘလက်ဘန်း
ပရက်စတန် ၂-၂ Pမစ်ဒယ်ဘရော့
ဝုလ်ဗ် ဝ-၀ Pလက်စတာ
ဘလက်ပူးလ် ၂-၀ QPR
ဝက်စ်ဘရွန်း ဝ-၃ ခရစ္စတယ်ပဲလေ့စ်
မန်ယူ ၂-၂ Pဒါဘီ

လာလီဂါ
အက်စ်ပန်ညို ၁-၀ အီဘာ
ဆိုစီဒက် ၂-၂ ဗယ်လက်ကာနို

စီးရီးအေ
အင်တာမီလန် ၂-၁ ဖီအိုရင်တီးနား

ဘွန်ဒစ်လီဂါ
ဝါဒါဘရီမင် ၃-၁ ဟာသာဘာလင်
ဘိုင်ယန်မြူးနစ် ၁-၁ အော့စ်ဘတ်
ဟန်နိုဗာ ၁-၃ ဟော်ဖန်ဟင်မ်
ဖရိုင်းဘတ် ၁-၀ ရှော်လ်ကေး

လီဂူး
မိုနာကို ဝ-၁ အန်ဂါစ်
နန့်စ် ၁-၂ နိုက်စ်
တူးလူး ၂-၃ စိန့်အက်တီယန်

Most Read

Most Recent