နံပါတ် (၁၀)နေရာမှာ နေမာအတွက်အကောင်းဆုံးဖြစ်သည်ဟု တူဟယ်လ်ပြောကြား

နံပါတ် (၁၀)နေရာမှာ နေမာအတွက်အကောင်းဆုံးဖြစ်သည်ဟု တူဟယ်လ်ပြောကြား
Published 26 September 2018

Photo: Getty Images

PSG အသင်းနည်းပြ တူဟယ်လ်က နံပါတ် (၁၀)နေရာမှာ နေမာအတွက် အကောင်းဆုံးနေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ၂၀၁၇ ခုနှစ်သြဂုတ်လက ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၎င်းသည် PSG အသင်းသို့ စရောက်ကတည်းက ဘယ်တောင်ပံတွင်သာ ကစားခဲ့သော်လည်း နည်းပြသစ်တူဟယ်လ်လက်ထက်တွင် နံပါတ် (၁၀)နေရာ၌ အသုံးပြုလျက်ရှိသည်။

တူဟယ်လ်က '' ကျွန်တော်တို့ကတော့ နေမာကို နံပါတ် (၁၀)နေရာမှာ ကစားတာကို ပိုကြိုက်ပါတယ်။ အဲဒီနေရာမှာ ကစားရတာကို သူလည်းကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်တောင်ပံမှာ ကစားတာထက် နံပါတ် (၁၀)နေရာမှာကစားတာက အသင်းရဲ့တိုက်စစ်ပိုင်းမှာ ပိုမိုပါဝင်ပတ်သက်ရလို့ဖြစ်ပါတယ်။ သူဟာ အဲဒီနေရာမှာ ကစားတာကြောင့် အခွင့်အရေးတွေ အများကြီးဖန်တီးပေးနိုင်သလို ဂိုးရနိုင်မယ့်
အခွင့်အရေးလည်း ပိုရှိပါတယ်။ နေမာကို အဲဒီနေရာမှာ ထားကစားတာအကောင်းဆုံးပါပဲ'' ဟု ပြောကြားခဲ့သည်။

နေမာသည် ယခုရာသီ ပြင်သစ်လီဂူးပြိုင်ပွဲတွင် PSG အသင်းအတွက် ပွဲစဉ် (၅) ပွဲတွင် (၄) ဂိုးသွင်းယူပေးထားပြီး ခြေစွမ်းပြနေသူဖြစ်သည်။

သို့ရာတွင် နေမာသည် လီဗာပူးလ်အသင်းကို (၂-၃) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် FIFA FIFPro World XI တွင်လည်း ပါဝင်ခဲ့ခြင်းမရှိကြောင်းသိရသည်။