အောက်တိုဘာလအတွင်း ကစားမည့် အာဂျင်တီးနားအသင်း၏ခြေစမ်းပွဲများတွင် မက်ဆီပါဝင်မည်မဟုတ်

အောက်တိုဘာလအတွင်း ကစားမည့် အာဂျင်တီးနားအသင်း၏ခြေစမ်းပွဲများတွင် မက်ဆီပါဝင်မည်မဟုတ်
Published 26 September 2018

Photo: AS

အာဂျင်တီးနားအသင်း၏ ယာယီနည်းပြဖြစ်သူ စကာလိုနီက အောက်တိုဘာလအတွင်းကစားမည့် ခြေစမ်းပွဲစဉ်များတွင် တိုက်စစ်မှူးမက်ဆီ ပါဝင်ကစားမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ မက်ဆီသည် စက်တင်ဘာလအစောပိုင်းက ကစားခဲ့သည့် ဂွါတီမာလာ၊ ကိုလံဘီယာတို့နှင့် ခြေစမ်းပွဲစဉ်များတွင်လည်း ပါဝင်ကစားခဲ့ခြင်းမရှိပေ။

အာဂျင်တီးနားအသင်းသည် လာမည့် အောက်တိုဘာလ (၁၁) ရက်နေ့နှင့် (၁၆) ရက်နေ့တို့တွင် ဆော်ဒီအာရေဗျုနိုင်ငံ၌ အီရတ်၊ ဘရာဇီးလ်အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။

စကာလိုနီက '' မက်ဆီနှင့် ကျွန်တော်စကားပြောပြီးပါပြီ။ လက်ရှိအချိန်မှာ မက်ဆီပြန်မကစားသေးတာက သူ့အတွက်ရော၊ အသင်းအတွက်ပါ အကောင်းဆုံးလို့ထင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ လူသစ်တွေ အများကြီးရှိပါတယ်။ သူတို့ဟာ နိုင်ငံအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ပြီးအကောင်းဆုံးစွမ်းဆောင်နေသူတွေ ဖြစ်ပါတယ်'' ဟု ပြောဆိုခဲ့သည်။

မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် (၁၂၈) ပွဲကစားပေးထားပြီး၊ (၆၅) ဂိုးသွင်းယူပေးထားသူဖြစ်သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်ကလည်း လက်ရွေးစင်အသင်းမှ အနားယူခဲ့ဖူးပြီး နောက်ပိုင်းတွင် ပရိသတ်များ၏တောင်းဆိုမှုကြောင့် ပြန်ကစားခဲ့သူဖြစ်သည်။

လက်ရှိတွင်လည်း မက်ဆီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက အာဂျင်တီးနားအသင်းတွင် ပါဝင်ကစားခြင်းမရှိသေးဘဲ ဆက်ကစားခြင်းရှိ၊ မရှိနှင့် ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ခြင်း မရှိသေးပေ။

အာဂျင်တီးနားမီဒီယာများကမူ မက်ဆီ၏ လက်ရွေးစင်အသင်း အနာဂတ်နှင့် ပတ်သက်ပြီး အမျိုးမျိုးဖော်ပြနေကြသည်။

Most Read

Most Recent