အူအတက်ရောင်ခြင်းကြောင့် အစ္စကို တစ်လခန့် နားရမည်

အူအတက်ရောင်ခြင်းကြောင့် အစ္စကို တစ်လခန့် နားရမည်
Published 26 September 2018

Photo: Marca

ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုသည် အူအတက်ရောင်ခြင်းကို ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ပြီး တစ်လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

အစ္စကိုသည် စက်တင်ဘာ (၂၅)ရက်နေ့က အသင်း၏လေ့ကျင့်ရေးကို ရောက်လာခဲ့သော်လည်း ဝမ်းဗိုက်နာနေသည့်အတွက် လေ့ကျင့်ခန်းများပြုလုပ်နိုင်မည်မဟုတ်ကြောင်း နည်းပြအဖွဲ့နှင့် ဆေးအဖွဲ့ကို အကြောင်းကြားခဲ့သည်။

ထို့နောက် ဆရာဝန်များက စမ်းသပ်စစ်ဆေးခဲ့ကြရာ အစ္စကိုမှာ အူအတက်ရောင်နေခြင်းဖြစ်ပြီး ယနေ့ ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ကြောင်း သိရသည်။

အူအတက်ရောင်ခြင်းကို ခွဲစိတ်ကုသမှုခံယူပြီးပါက ပြန်လည်ကောင်းမွန်လာရန် တစ်လခန့်အနားယူရလေ့ရှိရာ အစ္စကိုမှာ ရီးယဲလ်မက်ဒရစ်အသင်း၏ ပွဲစဉ် (၄)ပွဲနှင့် စပိန်အသင်း၏ ပွဲစဉ် (၂)ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

Photo: Marca

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီကမူ အစ္စကို မည်မျှအနားယူရမည်ကို ပြောကြားခဲ့ခြင်းမရှိဘဲ အမြန်ဆုံးပြန်လည်သက်သာလာရန် မျှော်လင့်နေကြောင်း ဆိုခဲ့သည်။

လိုပယ်တယ်ဟီက "အစ္စကို အမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ ကစားသမားတစ်ယောက် မကစားနိုင်ဘူးဆိုတာဟာ အမြဲတမ်းသတင်းဆိုးပါပဲ။ သူ အမြန်ပြန်လည်သက်သာလာဖို့ ကျွန်တော်တို့ ဆုတောင်းနေပါတယ်"ဟု ပြောကြားခဲ့သည်။

အစ္စကိုသည် ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ၎င်းမကစားနိုင်ခြင်းမှာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။

အစ္စကိုသည် အောက်တိုဘာ (၂၈)ရက်နေ့ ကစားမည့် ဘာစီလိုနာအသင်းနှင့် လာလီဂါပွဲစဉ်တွင်မှ ပြန်ကစားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent