ချယ်လ်ဆီးနှင့် လိဂ်ဖလားပွဲစဉ်တွင် မစ်ဂနိုလတ်ကို အသုံးပြုမည်ဟု ကလော့ပ် အတည်ပြု

ချယ်လ်ဆီးနှင့် လိဂ်ဖလားပွဲစဉ်တွင် မစ်ဂနိုလတ်ကို အသုံးပြုမည်ဟု ကလော့ပ် အတည်ပြု
Published 26 September 2018

Photo: Getty Images

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချယ်လ်ဆီးအသင်းနှင့် ကစားမည့် လိဂ်ဖလားတတိယအဆင့်ပွဲစဉ်တွင် ဂိုးသမား မစ်ဂနိုလတ်ကို ပွဲထွက်အဖြစ် အသုံးပြုသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံဂိုးသမား မစ်ဂနိုလတ်သည် ပြီးခဲ့သည့်ရာသီကတည်းက လီဗာပူးလ်အသင်းတွင် ပွဲထွက်နေရာပျောက်ဆုံးခဲ့သူဖြစ်ပြီး ယခုရာသီတွင်လည်း အယ်လစ်ဆန်နောက် ဒုတိယဦးစားပေးဂိုးသမားဖြစ်ကာ တစ်ပွဲမှ ကစားရခြင်းမရှိသေးပေ။

လီဗာပူးလ်နည်းပြ ကလော့ပ်က "မနက်ဖြန် ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့်ပွဲမှာ မစ်ဂနိုလတ် ပွဲထွက်လာမှာပါ။ ဂိုးသမားနေရာတစ်ခုတည်းကိုပဲ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကျန်တဲ့နေရာတွေမှာ ဘယ်သူတွေ ပွဲထွက်မယ်ဆိုတာကိုတော့ ခင်ဗျားတို့စောင့်ကြည့်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းကောင်းကို ပွဲထုတ်သွားမှာပါ။ ကျွန်တော် ယုံကြည်ပေးပါ"ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Photo: Getty Images

အသက် (၃၀)နှစ်အရွယ်ရှိ မစ်ဂနိုလတ်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဆန်းဒါးလန်းအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၉)သန်းဖြင့် ရောက်ရှိလာသူ ဖြစ်သည်။

သို့သော် ၎င်းသည် လီဗာပူးလ်အသင်းတွင် လက်စွမ်းမပြနိုင်သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့်ရာသီက ကာရီယပ်စ်နောက် ဒုတိယဦးစားပေးဂိုးသမားအဖြစ်သာ ပွဲထွက်ခွင့်ရခဲ့သည်။

မစ်ဂနိုလတ်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက အသင်းပြောင်းရွှေ့ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် လိဂ်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် မနက်ဖြန်ညတွင် ချယ်လ်ဆီးအသင်းကို အိမ်ကွင်းအန်ဖီးလ်၌ လက်ခံကစားရမည်ဖြစ်သည်။

ဆောက်သမ်တန်အသင်းအား (၃-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် နံရိုးနာကျင်မှုကြောင့် လူစားလဲခံခဲ့ရသည့် နောက်ခံလူ ဗန်ဒိုက်မှာမူ ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်လာဖွယ်မရှိကြောင်းလည်း သိရသည်။

Most Read

Most Recent