ဖခင်ဖြစ်သူအား နည်းပြခန့်အပ်ကြောင်း ကြေညာခဲ့သည့် ဂါဘွန်ဘောလုံးအဖွဲ့ချုပ်အား အူဘာမီယန်း ပြစ်တင်

ဖခင်ဖြစ်သူအား နည်းပြခန့်အပ်ကြောင်း ကြေညာခဲ့သည့် ဂါဘွန်ဘောလုံးအဖွဲ့ချုပ်အား အူဘာမီယန်း ပြစ်တင်
Published 25 September 2018

အာဆင်နယ်အသင်း၏ ဂါဘွန် လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းက ဂါဘွန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအား သူ၏ဖခင် ယာယာအူဘာမီယန်းကို လက်ရွေးစင်အသင်း ပူးတွဲနည်းပြအဖြစ်ခန့်အပ်ခဲ့ ခြင်းအတွက် ပြစ်တင်ဝေဖန်လိုက်သည်။

ဂါဘွန် ဘောလုံးအဖွဲ့ချုပ်သည် အသင်းနှင့် လမ်းခွဲသွားသော စပိန်လူမျိုးနည်းပြ ကမာချို၏နေရာတွင် ဂါဘွန်လက်ရွေးစင်ကစားသမားဟောင်းများ ဖြစ်သည့် ယာယာအူဘာမီယန်း (၅၃ နှစ်) နှင့် ဒန်နီယဲလ်ကူဆင်(၄၂ နှစ်)တို့ကို ပူးတွဲ နည်းပြများအဖြစ် တာဝန်ပေးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ဂါဘွန်ဘောလုံးအဖွဲ့ချုပ်တာ ဝန်ရှိသူများသည် ယင်းကဲ့သို့ နည်းပြ ခန့်အပ်ခြင်းကို မိမိဖခင်နှင့် ဆွေးနွေး တိုင်ပင်ခြင်းမရှိဘဲ ကြေညာခဲ့ခြင်းဖြစ် ကြောင်း၊ မိမိဖခင်မှာ လက်ရှိတွင် နေထိုင်မကောင်းကြောင်း၊ ဂါဘွန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၎င်းတို့၏လုပ် ဆောင်ချက်များအရ ယနေ့အချိန်ထိ အပျော်တမ်းအဆင့်သာရှိသေးကြောင်း အူဘာမီယန်းက ဝေဖန်ခဲ့သည်။

အူဘာမီယန်းက သူ၏ Instagram ၌ ''ကျွန်တော် လက်ရွေးစင်အ သင်းအတွက် မကစားပေးချင်တာ ဘာ ကြောင့်လဲဆိုတော့ ဒီလိုလုပ်ရပ်တွေ ကြောင့်ပါ။ ကျွန်တော့်အဖေကို လက် ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ် ကြောင်း ကြေညာလိုက်ပေမယ့် သူ့ရဲ့ သဘောတူညီချက်ကို မယူခဲ့ပါဘူး။ အဖွဲ့ချုပ် ဥက္ကဋ္ဌက အဖေ့ဆီကို ဖုန်းဆက်အကြောင်းကြားတာလောက်ပဲ ရှိပါတယ်။ ကျွန်တော့်အဖေရဲ့ကျန်းမာ ရေးအခြေအနေကို တစ်ခွန်းတောင် မမေးခဲ့ပါဘူး။ အဖေက အခု နေထိုင်မ ကောင်းပါဘူး''ဟု ရေးသားခဲ့သည်။

ယင်းပြဿနာများဖြစ်ပွားပြီးနောက် စက်တင်ဘာ(၂၅)ရက်တွင် ဂါဘွန်ဘောလုံးအဖွဲ့ချုပ်သည် ဒန်နီယဲလ်ကူဆင်ကိုသာ လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ကူဆင်သည် ကစားသမားဘဝက အင်္ဂလန်ကလပ် ဟားလ်စီးတီးအသင်းတွင် တိုက်စစ်မှူးအဖြစ် ကစားခဲ့ဖူးပြီး နည်းပြအတွေ့အကြုံမရှိသေးကြောင်း သိရသည်။

ဖခင်ခြေရာနင်းသည့် အူဘာမီယန်း ညီအစ်ကိုများ

- အူဘာမီယန်း၏ ဖခင်ဖြစ်သူ ယာယာအူဘာမီယန်းသည် ဂါဘွန်လက်ရွေးစင်အသင်းအတွက် ၁၉၈၅ မှ ၁၉၉၈ အထိ နိုင်ငံတကာပွဲ (၈၀)ကစား ပေးခဲ့သူဖြစ်သည်။ ၎င်းင်းသည် ပြင်သစ်ကလပ်အသင်းများစွာတွင် ကစားခဲ့ပြီး အေစီမီလန်အသင်းတွင် ကင်းထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
- သူ၏သား(၃)ဦးစလုံးမှာ ဖခင်ခြေရာနင်းပြီး ဂါဘွန်လက်ရွေးစင်ကစားသမားများဖြစ်ခဲ့ကြသည်။
- အကြီးဆုံးသား ကာတီလီနာမှာ ဘယ်တောင်ပံကစားသမားတစ်ဦးဖြစ်ပြီး ဂါဘွန်အသင်းအတွက် (၉)ပွဲကစားကာ (၁)ဂိုးသွင်းပေးခဲ့သည်။
à သားအလတ် ဝီလီမှာ နောက်ခံလူတစ်ဦးဖြစ်ပြီး ဂါဘွန်အသင်းအတွက် (၁၅)ပွဲကစားပေးထားသည်။
à အငယ်ဆုံးသား ပီယာရီ (အူဘာမီယန်း)မှာ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ဂါဘွန်အသင်းအတွက် (၅၇)ပွဲကစားကာ (၂၄)ဂိုးသွင်းပေးထားသည်။
à ညီအစ်ကို (၃)ဦးစလုံး ၎င်းင်းတို့၏ဖခင် ကင်းထောက်ပြုလုပ်ခဲ့သည့် အီတလီကလပ် အေစီမီလန်တွင် ကစားခဲ့ဖူးသည်။

Most Read

Most Recent