၂၀၁၈ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု The Best ကို မိုဒရစ် ရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို ဒေးရွှမ့်၊ အကောင်းဆုံးသွင်းဂိုးဆုကို ဆာလာတို့ ဆွတ်ခူး

၂၀၁၈ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု The Best ကို မိုဒရစ် ရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို ဒေးရွှမ့်၊ အကောင်းဆုံးသွင်းဂိုးဆုကို ဆာလာတို့ ဆွတ်ခူး
Published 25 September 2018

Photo:AFP

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု The Best FIFA Football Awards ချီးမြှင့်ပွဲအခမ်းအနားကို တနင်္လာနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပခဲ့ရာ အကောင်းဆုံးဘောလုံးသမားဆုကို ရီးယဲလ်နှင့် ခရိုအေးရှားအသင်းတို့ ၏ ကွင်းလယ်ကစားသမား မိုဒရစ်က ပြိုင်ဘက်များဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် ဆာလာတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့သည်။

Photo:AFP

မိုဒရစ်သည် ပြီးခဲ့သည့်လက UEFA မှ ချီးမြှင့်ခဲ့သည့် ၂၀၁၇-၁၈ ရာသီအတွက် အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ရယူနိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ ဆယ်စုနှစ်တစ်ခု ကြာစိုးမိုးထားမှု အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်းလည်း ကမ္ဘာ့အားကစားမီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုများကို ၂၀၀၈ ခုနှစ်မှစ၍ ၎င်းတို့ နှစ်ဦးတည်းသာ စိုးမိုးရယူနေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှသာ မိုဒရစ်က ဖောက်ထွက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

UEFA ၏ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိသော စီရော်နယ်လ်ဒိုသည် ယခုဖီဖာ၏ ဆုချီးမြှင့်ပွဲသို့လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။

အကောင်းဆုံးနည်းပြဆုကို ပြင်သစ်လက်ရွေးစင်အသင်းအား ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည့် ပြင်သစ်နည်းပြ ဒေးရွှမ့်ကရရှိခဲ့ပြီး လက်ရွေးစင်အသင်းများအတွက် စွမ်းဆောင်မှုက အဓိကအဆုံးအဖြတ်ဖြစ်ခဲ့သည့်အနေအထားလည်း ဖြစ်ခဲ့သည်။

အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကို ဘရာဇီးလ်ဝါရင့်တိုက်စစ်မှူး မာတာကရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို လိုင်ယွန်အသင်းအား အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သည့် ရေးနော့ဒ်ပီဒရို့စ်က ရရှိခဲ့သည်။

အကောင်းဆုံးဂိုးသမားဆုကို ယခုရီးယဲလ်အသင်းသို့ ရောက်ရှိသွားခဲ့သည့် ချယ်လ်ဆီးဂိုးသမားဟောင်း ကော်တိုအာက ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုးဆုကို လီဗာပူးလ်တိုက်စစ်မှူး ဆာလာက အဲဗာတန်နှင့်ပွဲတွင် သွင်းယူခဲ့သောဂိုးဖြင့် ရရှိခဲ့သည်။

သို့သော် ဆာလာနှင့် ကော်တိုအာတို့သည် ကမ္ဘာ့အကောင်းဆုံးအသင်း FIFA FIFPro World XI ရွေးချယ်ရာတွင်မူ ပါဝင်ခြင်းမရှိခဲ့ဘဲ ရီးယဲလ်ကစားသမားများက အဓိကနေရာယူခဲ့ကြသည်။

စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သည် ကမ္ဘာ့အကောင်းဆုံးအသင်းတွင်မူ ရွေးချယ်ခံခဲ့ရသည်။

Most Read

Most Recent