ယခုရာသီတွင် အမြင့်ဆုံးစွမ်းဆောင်ရည်အောက် ရောက်ရှိနေသည်ဟု ဟာရီကိန်း ဝန်ခံ

ယခုရာသီတွင် အမြင့်ဆုံးစွမ်းဆောင်ရည်အောက် ရောက်ရှိနေသည်ဟု ဟာရီကိန်း ဝန်ခံ
Published 25 September 2018

Photo: Skysports

စပါးအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ယခုရာသီတွင် မိမိအနေဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည်အောက် ရောက်ရှိနေသည်ဟု ဝန်ခံပြောကြားခဲ့သည်။
သို့သော် ဟာရီကိန်းက ဆိုးရွားသည့်အခြေအနေမဟုတ်ကြောင်းနှင့် လူအများ ဝေဖန်နေကြသကဲ့သို့ ကြံ့ခိုင်မှုပိုင်းတွင်လည်း ပြဿနာမရှိကြောင်း ဆိုခဲ့သည်။
ဟာရီကိန်းနှင့် စပါးအသင်းမှ ကစားသမားအများစုသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲပန်းမှုဒဏ်ကြောင့် ကြံ့ခိုင်မှုကျဆင်းနေကြောင်း ဝေဖန်မှုများရှိနေသည့်အတွက် ဟာရီကိန်းက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ဟာရီကိန်းက ''ကျွန်တော်တို့ စပါးကစားသမားအများစု ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒါကြောင့် လူအတော်များများက ဒီအကြောင်းကို အဓိကထောက်ပြပြီး ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ကြံ့ခိုင်မှုပြည့်ဝနေသလို၊ လန်းလန်းဆန်းဆန်းလည်း ရှိနေပါတယ်'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ဟာရီကိန်းသည် ကလပ်အသင်းနှင့် လက်ရွေးစင်အသင်းအတွက် (၅)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ဘရိုက်တန်နှင့်ပွဲတွင်မှ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းကြောင့်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယင်းအခြေအနေအပေါ် ဟာရီကိန်းက ''ဒီရာသီမှာ ကျွန်တော် (၃)ဂိုးသာ သွင်းနိုင်သေးပေမယ့် ဆိုးရွားလွန်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ လူတွေက တခြားရာသီ၊ တခြားပွဲတွေနဲ့ နှိုင်းယှဉ်အကဲဖြတ်နေပေမယ့် ကျွန်တော်ကတော့ တစ်ပွဲချင်းကိုပဲ သုံးသပ်ပြီး ပိုကောင်းအောင် ကြိုးစားဖို့ပဲ ပြင်ဆင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို မရရှိခဲ့ပေမယ့် ဒီရာသီက ပွဲအတော်များများမှာ ကျွန်တော် ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့လည်း ထင်မိပါတယ်။ တိုက်စစ်မှူးဆိုတာ တခြားကစားသမားတွေထက် စောင့်ကြည့်ခံရတဲ့အခြေအနေကိုလည်း ကျွန်တော် ပျော်ရွှင်ကျေနပ်ပါတယ်။ အရေးကြီးတာက ပိုကောင်းတဲ့ကစားသမားဖြစ်လာအောင် ကြိုးစားသွားဖို့ပါပဲ'' ဟုပြောကြားခဲ့သည်။
ဟာရီကိန်းသည် ဘရိုက်တန်နှင့်ပွဲတွင် ပယ်နယ်တီမှသာ ဂိုးပြန်လည်သွင်းယူနိုင်ခြင်းဖြစ်သော်လည်း ၂၀၁၅-၁၆ ရာသီမှ စတွက်လျှင် လက်ရှိပရီးမီးယားလိဂ်၏ ပယ်နယ်တီကန်သွင်းမှုအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။
ဟာရီကိန်းသည် ယင်းကာလအတွင်း ပယ်နယ်တီ(၁၅)ကြိမ် ကန်သွင်းခဲ့ရာ၌ (၁၃)ကြိမ် ဝင်အောင်ကန်သွင်းကာ ဦးဆောင်နေခြင်းဖြစ်ပြီး ဒုတိယနေရာတွင် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက (၁၄)ကြိမ် ကန်ရာတွင် (၁၂)ကြိမ်ဂိုးဝင်ကာ အပြိုင်လိုက်နေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent