''The Best''ဆုပေးပွဲအခမ်းအနားသို့ စီရော်နယ်လ်ဒို မတက်ရောက်

''The Best''ဆုပေးပွဲအခမ်းအနားသို့ စီရော်နယ်လ်ဒို မတက်ရောက်
Published 24 September 2018

 AFP PHOTO / Ben STANSALL

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယနေ့ကျင်းပမည့် ၂၀၁၈ FIFA ''The Best'' အကောင်းဆုံးဆုပေးပွဲအခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်မှာ အစောပိုင်းက ယင်းအခမ်းအနားသို့ တက်ရောက်ရန်စီစဉ်ထားပြီးမှ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက ပြီးခဲ့သည့်တနင်္ဂနွေနေ့နှင့် လာမည့်ဗုဒ္ဓဟူးနေ့များတွင် စီးရီးအေပွဲများ ဆက်တိုက်ကစားရသောကြောင့်ဟု အကြောင်းပြချက်ပေးခဲ့ကြောင်း Marca က ရေးသားခဲ့ပြီး ၎င်း၏ဂျူဗီအသင်းဖော်များမှာလည်း ယင်းအခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

၎င်းသည် မကြာသေးမီကလည်း UEFA၏ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲသို့ မတက်ရောက်ခဲ့သလို၊ ယခု FIFA အကောင်းဆုံးဆုပေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်းလည်း တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီးဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

AFP PHOTO / Ben STANSALL

သို့သော် ဘောလုံးလောကအသိုင်းအဝိုင်းကမူ စီရော်နယ်လ်ဒိုအနေဖြင့် ၎င်းဆုမရရန် သေချာနေသဖြင့် အခမ်းအနားသို့ မတက်ရောက်ခြင်းဖြစ်သည်ဟု သတင်းများက သုံးသပ်ခဲ့သည်။

ထို့ပြင် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က စီရော်နယ်လ်ဒိုကို နှိမ်ချဆက်ဆံ နေသည်ဟု စီရော်နယ်လ်ဒိုနှင့် သူ၏အသိုင်းအဝိုင်းမှ ယူဆနေကြောင်း သိရသည်။

ပြီးခဲ့သည့် UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲ ကို မတက်ရောက်ဘဲရှောင်လွှဲခဲ့သော စီရော်နယ်လ်ဒို၏ လုပ်ရပ်ကို UEFA တာ ဝန်ရှိသူအချို့က မကျေမနပ်ဖြစ်နေပြီး ဗလင်စီယာနှင့် ဂျူဗင်တပ်စ်အသင်းတို့ ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် စီရော်နယ်လ်ဒို အနီကတ်ဖြင့် ထုတ်ပယ် ခံရခြင်းမှာ UEFA တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲ မတက်ရောက်ခြင်းနှင့် ဆက်နွယ်နေကြောင်း စီရော်နယ်လ်ဒိုနှင့် သူ၏ အသိုင်းအဝိုင်းက ယူဆနေသည်။

Most Read

Most Recent