၂၀၁၈ ခုနှစ်အတွက် FIFA The Best အကောင်းဆုံးဆုချီးမြှင့်ပွဲ အခမ်းအနား ယနေ့ ကျင်းပမည်

၂၀၁၈ ခုနှစ်အတွက် FIFA The Best အကောင်းဆုံးဆုချီးမြှင့်ပွဲ အခမ်းအနား ယနေ့ ကျင်းပမည်
Published 24 September 2018

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပေးအပ်ချီးမြှင့်မည့် The Best အကောင်းဆုံးဆု ချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် (ယနေ့) ညပိုင်းတွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို လန်ဒန်မြို့ရှိ Royal Festival Hall ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် စက်တင်ဘာ ၂၅ ရက် နံနက် ၁ နာရီဝန်းကျင်တွင် အကောင်းဆုံးဆုများ စတင်ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ယခုနှစ်တွင် ဆုအမျိုးအစား စုစုပေါင်း ရှစ်မျိုး ချီးမြှင့်မည်ဖြစ်ပြီး FIFPro World XI ကမ္ဘာ့အကောင်းဆုံးအသင်းကိုလည်း ထုတ်ပြန် ကြေညာမည်ဖြစ်သည်။ အကောင်းဆုံးဆုများအတွက် အပြီးသတ် ဆန်ခါတင်စာရင်းကို စက်တင်ဘာ ၃ ရက်ကတည်းက ထုတ်ပြန်ထားပြီး အမျိုးသားကစားသမားဆုအတွက် စီရော်နယ်လ်ဒို (ပေါ်တူဂီ/ဂျူဗင်တပ်စ်)၊ မိုဒရစ် (ခရိုအေးရှား/ရီးယဲလ်မက်ဒရစ်)၊ မိုဟာမက်ဆာလာ (အီဂျစ်/လီဗာပူးလ်) တို့ ရွေးချယ်ခံထားရသည်။ ၎င်းတို့သုံးဦးအနက် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိထားပြီး ခရိုအေးရှားအသင်းနှင့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် မိုဒရစ်က ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်းသည် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆုလည်း ဆွတ်ခူးရရှိထားသည်။ အမျိုးသားနည်းပြဆုအတွက် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဒုတိယဆုရ ခရိုအေးရှားအသင်းနည်းပြ ဒါလစ်နှင့် ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သည့် ရီးယဲလ်အသင်းနည်းပြဟောင်း ဇီဒန်းတို့ ရွေးချယ်ခံထားရကြောင်း သိရသည်။

ပေးအပ်ချီးမြှင့်မည့် ဆုအမျိုးအစားများ

၁။ အကောင်းဆုံး အမျိုးသားကစားသမားဆု
၂။ အကောင်းဆုံး အမျိုးသမီးကစားသမားဆု
၃။ အကောင်းဆုံး အမျိုးသားနည်းပြဆု
၄။ အကောင်းဆုံး အမျိုးသမီးနည်းပြဆု
၅။ အကောင်းဆုံး ဂိုးသမားဆု (အမျိုးသား)
၆။ အသန့်ရှင်းဆုံးဆု (Fair Play Award)
၇။ ပွတ်ရှ်ကပ်စ် (အကောင်းဆုံးသွင်းဂိုး) ဆု
၈။ အကောင်းဆုံး ပရိသတ်ဆု
၉။ FIFPro World XI အသင်း

Most Read

Most Recent