မိမိတို့အားထုတ်နိုင်သော လုပ်အားနှုန်း၏ (၃၀)ရာခိုင်နှုန်းသာ ကစားသည်ဟု မန်ယူကစားသမားများအား မော်ရင်ဟို ပြစ်တင်

မိမိတို့အားထုတ်နိုင်သော လုပ်အားနှုန်း၏ (၃၀)ရာခိုင်နှုန်းသာ ကစားသည်ဟု မန်ယူကစားသမားများအား မော်ရင်ဟို ပြစ်တင်
Published 24 September 2018

 

 

Photos: AFP

 

မနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၁-၁) ဝုလ်ဗ်ပွဲအပြီးတွင် မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် သူ့အသင်းမှ ကစားသမားများအား ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရှိရသည်။ ယင်းပွဲတွင် မန်ယူအသင်းမှာ ပွဲချိန်(၁၈)မိနစ်တွင်ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန် (၅၃)မိနစ်တွင် ဝုလ်ဗ်ကွင်းလယ်လူ မော်တင်ဟိုက ချေပဂိုး သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် (၁-၁)ဂိုးဖြင့် သရေကျခဲ့ခြင်း ဖြစ်သည်။

ဦးခေါင်းခွဲစိတ်မှုကြောင့် ကာလကြာရှည်အနားယူခဲ့ ရသော မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်မှာ အနားယူပြီး ပထမဆုံးအဖြစ် ယင်းပွဲကို လာရောက်အားပေးကြည့်ရှုခဲ့သော်လည်း မန်ယူအသင်းမှာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် နိုင်ပွဲရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ပွဲအပြီးတွင် မော်ရင်ဟိုက ပြိုင်ဘက် ဝုလ်ဗ်အသင်းမှာ အားကုန်ထုတ်ကစားခဲ့သော်လည်း မန်ယူအသင်းက မိမိအစွမ်းရှိသလောက် ကြိုးစားကစားခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

"ဒီပွဲမှာ တစ်သင်းက သူတို့ရဲ့အသက်တွေနဲ့ရင်းပြီး ကစားရသလိုကြိုးစားအားထုတ်ခဲ့ပေမယ့် ကျန်တစ်သင်းကတော့ အေးအေးဆေးဆေးပဲ ကစားခဲ့ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ကစားမယ်ဆိုရင် ပွဲတွေကို အနိုင်ရဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ထက်အများကြီးအားနည်းတဲ့ ပြိုင်ဘက်တွေနဲ့ ကစားရတာမဟုတ်ဘူးဆိုရင်မိမိအားထုတ်နိုင်တဲ့ပမာဏရဲ့ (၃၀)ရာခိုင်နှုန်း လောက်နဲ့ကစားလို့ကတော့ ဘယ်တော့မှ မလုံလောက်ပါဘူး။ ကျွန်တော်တို့အသင်းဟာ လုံလောက်တဲ့ ထက်မြက်မှုမျိုး၊ ဖန်တီးမှုမျိုး၊ ကြိုးစားအားထုတ်မှုမျိုး မရှိခဲ့ပါဘူး။ ဒါဟာ စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်ပါတယ်။ ကစားသမားတွေရဲ့ခံယူချက် ကွာခြားမှုတွေအပေါ် ကျွန်တော်လည်း မရှင်းပြတတ်တော့ပါဘူး" ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

ယင်းပွဲတွင် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၏ ဘောလုံးဆုံးရှုံးမှုမှတစ်ဆင့် ဝုလ်ဗ်အသင်းမှာ ချေပဂိုးရရှိသွားခဲ့ခြင်းဖြစ်သော်လည်း မော်ရင်ဟိုက ကစားသမားတစ်ဦးချင်းစီအား ပြစ်တင်ဝေဖန်ရန်ကိုမူ ငြင်းဆန်ခဲ့သည်။

Most Read

Most Recent