မိမိ၏ဘဝတွင် (၇)ပွဲဆက်ရှုံးပွဲကို ကြုံတွေ့ခဲ့ဖူးသည်ဟု ကလော့ပ် ဝန်ခံခဲ့ပြီး (၇)ပွဲဆက်နိုင်ပွဲအတွက် ကစားသမားများကို ချီးကျူး

မိမိ၏ဘဝတွင် (၇)ပွဲဆက်ရှုံးပွဲကို ကြုံတွေ့ခဲ့ဖူးသည်ဟု ကလော့ပ် ဝန်ခံခဲ့ပြီး (၇)ပွဲဆက်နိုင်ပွဲအတွက် ကစားသမားများကို ချီးကျူး
Published 24 September 2018

 

Photo: AFP

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် က သူ၏နည်းပြဘဝတွင် (၇)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ဖူးကြောင်း လီဗာပူးလ် (၃-ဝ) ဆောက်သမ်တန်ပွဲ အပြီး ဝန်ခံပြောကြားခဲ့သည်။ ကလော့ပ်က လက်ရှိ လီဗာပူးလ်အသင်း၏ နိုင်ပွဲဆက်မှုအတွက်အံ့အားသင့်ရကြောင်း၊ ကစားသမားများ၏ ကြိုးစားအားထုတ်မှုအတွက် ချီးကျူးကြောင်းလည်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ရာသီအစ (၇)ပွဲ ဆက်တိုက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မရဖူးသေးသည့် ရာသီအစနိုင်ပွဲဆက်မှတ်တမ်းကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ကလော့ပ်က လီဗာပူးလ် - ဆောက်သမ်တန်ပွဲအပြီး၌ "ကျွန်တော့်ရဲ့ နည်းပြဘဝမှာ (၇)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ခံစားချက်နဲ့ အခုခံစားချက်ကတော့ အတော့်ကို ကွဲပြားနေပြီပေါ့။ ဒါပေမဲ့ အဲဒီတုန်းက (၈)ပွဲမြောက်မှာကျွန်တော့်အသင်းဟာ (၅-ဝ)ဂိုးနဲ့ နိုင်ပွဲပြန်ပြီးရခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ (၇)ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းမှာ ဂျာမန်ကလပ် မိန့်ဇ်အသင်းကို ကိုင်တွယ်စဉ်အချိန်ကဖြစ်ပြီး ၂၀၀၄-၀၅ ရာသီတွင် ယင်းကဲ့သို့ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ကလော့ပ်သည် မိန့်ဇ်အသင်းအား ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၀၃-၀၄ရာသီတွင် အသင်းအား ဘွန်ဒစ်လီဂါပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

လက်ရှိ လီဗာပူးလ်အသင်း၏နိုင်ပွဲဆက်မှုနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့ရာ ကလော့ပ် က " ဒါက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပုံစံမျိုးကို မမျှော်လင့်ခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ရာသီအစမှာ ကျွန်တော်တို့အသင်း ပြသနေတဲ့ စွမ်းဆောင်မှုက ဒီလိုနိုင်ပွဲတွေရဖို့အတွက် ထိုက်တန်တယ်လို့ထင်ပါတယ်။ မတူညီတဲ့ပြိုင်ဘက်အသင်းတွေဆီက မတူညီတဲ့စိန်ခေါ်မှုပေါင်းစုံကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ ပေမဲ့ ကျွန်တော့်ကစားသမားတွေက ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent