ဇွဲကပင်အသင်း တတိယရပြီး ရှုံးပွဲကြောင့် GFA အသင်း တန်းဆင်းခဲ့ရ

ဇွဲကပင်အသင်း တတိယရပြီး ရှုံးပွဲကြောင့် GFA အသင်း တန်းဆင်းခဲ့ရ
Published 23 September 2018

တတိယရခဲ့သည့် ဇွဲကပင်ကစားသမားများ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲရာသီပိတ် ပွဲစဉ် (၂၂) ပထမနေ့ကို စက်တင်ဘာ ၂၂ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပရာ ဇွဲကပင်အသင်းက GFA အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ ဇွဲကပင် အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုအဖြစ် တတိယနေရာရရှိခဲ့သည်။

GFA အသင်းသည် ယခုပွဲအနိုင်ရလျှင် တန်းဆင်းဇုန်မှလွတ်ရန် မျှော်လင့်ချက်ရှိသော်လည်း ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ပထမတန်းသို့ တန်းပြန်ဆင်းခဲ့ရပြီး စစ်ကိုင်းအသင်းမှာမူ ရတနာပုံနှင့်ကစားရန် ကျန်သေးသော်လည်း တန်းဆင်းဇုန်မှ လွတ်မြောက်သွားပြီ ဖြစ်သည်။ နှစ်သင်းစလုံးအတွက် အရေးပါသည့်ပွဲဖြစ်သောကြောင့် လူစုံထုတ်ပြီး ကစားသော်လည်း ပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ပွဲအေးတစ်ပွဲဖြစ်ခဲ့သည်။ GFA အသင်းသည် မကွေးအသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ် (၂၁) မှ ကစားသမားအများစုကို ဆက်လက်အသုံးပြုသော်လည်း တိုက်စစ်တွင် မန်ထိပ်ပေါင်နှင့် အီမန်နျူရယ်တို့ ခြေစွမ်းမပြနိုင်သဖြင့် ဇွဲကပင်နောက်တန်း အလွယ်တကူ ဖျက်ထုတ်နိုင်ခဲ့သည်။ ဇွဲကပင်အသင်းမှာမူ သန်းထက်အောင်၊ ကင်မ်၊ ရန်ကျော်ထွေး၊ မောင်မောင်ဝင်းတို့၏ တိုက်စစ်တွဲလုံးဖြင့် ထိုးဖောက်သော်လည်း အချိတ်အဆက် လွဲချော်နေသဖြင့် ၃၇ မိနစ်မှ အဖွင့်ဂိုးရခဲ့သည်။ ဇွဲကပင်အသင်းအတွက် ပထမဂိုးမှာ GFA နောက်ခံလူ ဖျက်ထုတ်ရာမှတစ်ဆင့် လျှံထွက်လာသည့် ဘောလုံးကို တိုက်စစ်မှူး သန်းထက်အောင်က ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။ သန်းထက်အောင်သည် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ယခုပွဲတွင် ဇွဲကပင်အတွက် အရေးပါသည့် ဂိုးများသွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ဇွဲကပင်အသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ပြစ်ဒဏ်ဘောမှတစ်ဆင့် ကွင်းလယ်ကစားသမား ဆာကီက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။  ပထမပိုင်းတွင် နှစ်ဂိုးပေးလိုက်ရသည့် GFA အသင်းသည် ချေပဂိုးရရန် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး  ၅၇ မိနစ်တွင် သန်းထိုက်အောင်က ချေပဂိုး ပြန်သွင်းခဲ့သည်။ GFA အသင်း ချေပဂိုး ထပ်ရရန် ကြိုးပမ်းသော်လည်း ဇွဲကပင် အသင်း၏ခံစစ်ကို မကျော်နိုင်သောကြောင့် ဂိုးထပ်မရဘဲ မိနစ် ၇၀ တွင် တတိယဂိုးခွင့်ပြုခဲ့ရသည်။ ဇွဲကပင်အတွက် တတိယဂိုးကို သန်းထက်အောင်က သွင်းယူခဲ့ပြီး ယင်းဂိုးမှာ DFA အသင်း၏ ချေပဂိုးရရှိရေး မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့သည်။

ယခုပွဲအပြီးတွင် တတိယနေရာရ အသင်းနှင့် တန်းဆင်းအသင်း ထွက်ပေါ်ခဲ့သောကြောင့် စက်တင်ဘာ ၂၃ ရက် (ယနေ့) ယှဉ်ပြိုင်ကစားမည့် နောက်ဆုံးနေ့တွင် ချန်ပီယံဆုအတွက်သာ ပြိုင်ဆိုင်ရတော့မည်ဖြစ်သည်။ ၂၀၁၈ ရာသီ MNL အမှတ်ပေးချန်ပီယံဆုအတွက် ၄၈ မှတ်ရထားသည့် ရန်ကုန်အသင်းနှင့် ၄၇ မှတ်ရထားသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ အပြိုင်ဖြစ်နေပြီး ရန်ကုန်အသင်းအနေဖြင့် နိုင်ပွဲရပါက ချန်ပီယံဆုကို ငါးကြိမ်မြောက် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent