လာလီဂါပြိုင်ပွဲအား အမေရိက၌ ကျင်းပမည့်အစီအစဉ်ကို လက်မခံကြောင်း RFEF အကြောင်းပြန်

လာလီဂါပြိုင်ပွဲအား အမေရိက၌ ကျင်းပမည့်အစီအစဉ်ကို လက်မခံကြောင်း RFEF အကြောင်းပြန်
Published 23 September 2018

ဟီရိုနာ-ဘာစီလိုနာပွဲ ကျင်းပရန်စီစဉ်ထားသည့် Hard Rock အားကစားကွင်း (ပုံကြီး)၊ စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ် (ဝဲ) နှင့် RFEF ဥက္ကဋ္ဌ ရူဘီယာလက်စ် (ပုံသေး) (Photo – AFP)

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) သည် လာလီဂါပြိုင်ပွဲအား အမေရိက၌သွားရောက် ကျင်းပမည့်အစီအစဉ်ကို လက်မခံကြောင်း စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် (LFP) ထံ စက်တင်ဘာ ၂၁ ရက်တွင် အကြောင်းကြား စာပေးပို့ခဲ့သည်။

LFP သည် မြောက်အမေရိကဈေးကွက်သို့ ထိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် လာလီဂါပွဲစဉ်အား အမေရိကန် (သို့မဟုတ်) ကနေဒါနိုင်ငံ၌ သွားရောက်ကျင်းပရန် အမေရိကန်အခြေစိုက် Relevent Sports ကုမ္ပဏီနှင့် ၁၅ နှစ်စာချုပ် လက်မှတ်ရေးထိုးထားသည်။ ယင်းသဘောတူစာချုပ်၏ ပထမဆုံးပွဲအဖြစ် ဇန်နဝါရီ ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဟီရိုနာ-ဘာစီလိုနာ ကတ်တလန်ဒါဘီပွဲစဉ်ကို မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ သွားရောက်ကျင်းပရန် RFEF ထံ ခွင့်ပြုချက်တောင်းခံထားသည်။ RFEF သည် ယင်းကိစ္စနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ် ခြင်းမရှိသေးသော်လည်း စက်တင်ဘာ ၂၁ ရက်တွင် LFP  အပါအဝင် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၊ ဘာစီလိုနာနှင့် ဟီရိုနာအသင်းတို့ထံ အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။ RFEF ၏ အကြောင်းပြန်စာတွင် ယင်းပွဲစဉ်အား ခွင့်ပြုပေးလိုခြင်းမရှိကြောင်း၊ အမှတ်ပေးပြိုင်ပွဲအား ပြည်ပ၌သွားရောက် ကျင်းပခြင်းမှာ စည်းမျဉ်းချိုးဖောက်ရာရောက်သည်ကို LFP အနေဖြင့် သတိပြုသင့်ကြောင်း၊ ပွဲကျင်းပရန်အတွက် ဟီရိုနာနှင့် ဘာစီလိုနာ အသင်းအပြင် လာလီဂါကလပ်အားလုံး၏ ခွင့်ပြုချက်အထောက်အထား ပြသရန်လိုအပ်ကြောင်း၊ ယင်းပွဲနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ ပိုမိုတင်ပြရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

RFEF ၏ အကြောင်းပြန်စာနှင့်ပတ်သက်၍ LFP ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က “တော်တော်လေးရှည်လျားတဲ့စာကို ကျွန်တော်တို့ ဖတ်ရပါတယ်။ သူတို့ (RFEF) က ဒီပွဲအကြောင်း သိပ်စိတ်ဝင်စားပုံ မရပါဘူး။ သူတို့က ပွဲကျင်းပခွင့်မပြုဘူးလို့ မပြောပါဘူး။ အချက်အလက်တွေ ပိုပြီးတင်ပြဖို့ပဲပြောတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အချိန်တွေပေးပြီး ဆွေးနွေးပြောဆိုထားပြီးဖြစ်လို့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု တုံ့ပြန်ပြောကြားသည်။ LFP အနေဖြင့် လာလီဂါပြိုင်ပွဲအား အမေရိက၌ သွားရောက်ကျင်းပရန်အတွက် RFEF ၏ ခွင့်ပြုချက်အပြင် စပိန်အားကစားကောင်စီ၊ FIFA ၊ UEFA ၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ် (CONCACAF) နှင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်တို့၏ ခွင့်ပြုချက်လည်း လိုအပ်ကြောင်း သိရသည်။ ထို့ပြင် စပိန်ဘောလုံးသမားများအဖွဲ့ (AFE) ကလည်း ယင်းအစီအစဉ်ကို ကစားသမားများနှင့် ဆွေးနွေးညှိနှိုင်းမှုမရှိသဖြင့် လက်မခံကြောင်း ကြေညာထားသည်။

Most Read

Most Recent