လီဗာပူးလ်နှင့် မန်စီးတီးနိုင်ပွဲဆက်ပြီး အိမ်ကွင်းတွင် မန်ယူအသင်းသရေကျ

လီဗာပူးလ်နှင့် မန်စီးတီးနိုင်ပွဲဆက်ပြီး အိမ်ကွင်းတွင် မန်ယူအသင်းသရေကျ
Published 23 September 2018

Photo: Reuters

ပရီးမီးယားလိဂ် ပွဲစဉ် (၆) စနေညပွဲစဉ်များတွင် လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့ နိုင်ပွဲဆက်ခဲ့ကြပြီး၊ မန်ယူအသင်းမှာ အိမ်ကွင်းတွင် တန်းတက်ဝုလ်ဗ်အသင်းကို (၁-၁) ဂိုးဖြင့်သရေကျခဲ့သည်။

ပရီးမီးယားလိဂ်တွင် ရာနှုန်းပြည့်နိုင်ပွဲဆက်နေသည့် လီဗာပူးလ်အသင်းသည် အန်ဖီးလ်တွင် ဆောက်သမ်တန်ကို ပထမပိုင်းကတည်းက (၃) ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အတွက် ဂိုးများကို ပွဲချိန် (၁၀)မိနစ်တွင် ဆောက်သမ်တန်နောက်ခံလူ ဟို့ဒ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပြီး၊ (၂၁) မိနစ်တွင် မာတစ်နှင့် ပထမပိုင်းပြီးခါနီးတွင် ဆာလာတို့က သွင်းယူခဲ့ခြင်းဖြစ်သည်။

ယခုနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်တွင် ရာသီအဖွင့် (၆)ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင် အဆင့် (၁)နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

Photo: Reuters

မန်စီးတီးအသင်းသည် တန်းတက်ကာဒစ်ဖ်အသင်းကို အဝေးကွင်းတွင် ယှဉ်ပြိုင်ခဲ့ရသော်လည်း သက်သက်သာသာကစားပြီး ပေးဂိုးမရှိဘဲ (၅) ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအတွက် ဂိုးများကို ပွဲချိန် (၃၂) မိနစ်တွင် အဂွဲရိုး၊ (၃၅) မိနစ်တွင် ဘာနာဒိုဆေးလ်ဗား၊ (၄၄) မိနစ်တွင် ဂွန်ဒိုဂန်၊ (၆၅)နှင့် (၈၉) မိနစ်တို့တွင် မာရက်ဇ်က နှစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

မာရက်ဇ်မှာ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပထမဆုံး ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

Photo: Reuters

အခြားမန်ချက်စတာမြို့ခံအသင်းတစ်သင်းဖြစ်သည့် မန်ယူအသင်းမှာ အိမ်ကွင်းတွင် တန်းတက်ဝုလ်ဗ်အသင်းကို သရေသာကစားနိုင်ခဲ့သည်။

မန်ယူအသင်းသည် ယခုပွဲစဉ်တွင် ပွဲချိန် (၁၈) မိနစ်ကတည်းက ဖရက်ဒ်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ဒုတိယပိုင်း ပွဲချိန် (၅၃) မိနစ်တွင် မော်တင်ဟိုက ဝုလ်ဗ်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။

နောက်ပိုင်းတွင် နှစ်သင်းစလုံးအပြန်အလှန်ကစားခဲ့ကြပြီး ဂိုးသွင်းခွင့်များရရှိခဲ့ကြသော်လည်း နှစ်ဖက်ဂိုးသမားများ လက်စွမ်းပြကာကွယ်မှုများပြုလုပ်နိုင်ခဲ့သည့်အတွက် သရေကျခဲ့ခြင်းဖြစ်သည်။

မန်ယူကွင်းလယ်လူသစ် ဖရက်ဒ်မှာမူ ယခုပွဲစဉ်တွင် ဂိုးသွင်းနိုင်ခဲ့ခြင်းအတွက် မန်ယူအသင်း၏သမိုင်းတွင် ဂိုးသွင်းနိုင်သည့် (၅၀၀) မြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

ယခုပွဲစဉ်ကို မန်ယူအသင်း၏ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန် ပြီးခဲ့သည့် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်လာရောက်ကြည့်ရှုခဲ့ပြီး မန်ယူအသင်းနိုင်ပွဲမရခဲ့ခြင်းမှာ ၎င်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။

 

■ ယနေ့ယှဉ်ပြိုင်သည့် ဥရောပပွဲစဉ်ရလဒ်များ

ပရီးမီးယားလိဂ်
ဖူလ်ဟမ် ၁-၁ ဝက်ဖို့ဒ်
ဘန်လေ ၄-၀ ဘုန်းမောက်
ကာဒစ်ဖ် ဝ-၅ မန်စီးတီး
ခရစ္စတယ်ပဲလေ့စ် ဝ-၀ နယူးကာဆယ်
လက်စတာ ၃-၁ ဟတ်ဒါဖီးလ်
လီဗာပူးလ် ၃-၀ ဆောက်သမ်တန်
မန်ယူ ၁-၁ ဝုလ်ဗ်

 

လာလီဂါ
ဗယ်လက်ကာနို ၁-၅ အလာဗတ်စ်
ဆယ်လ်တာဗီဂို ၃-၃ ဗယ်လာဒိုလစ်
အီဘာ ၁-၀ လီဟာနက်စ်

 

စီးရီးအေ
ပါးမား ၂-၀ ကာဂလီယာရီ

 

ဘွန်ဒစ်လီဂါ
ဟော်ဖန်ဟင်မ် ၁-၁ ဒေါ့မွန်
ဟာသာဘာလင် ၄-၂ မိုချန်ဂလာဘတ်
အော့စ်ဘတ် ၂-၃ ဝါဒါဘရီမင်
ဝုလ်ဖ်ဘတ် ၁-၃ ဖရိုင်းဘတ်
နုရင်ဘတ် ၂-၀ ဟန်နိုဗာ

 

လိဂ်ချန်ပီယံရှစ်
အက်စတွန်ဗီလာ ၁-၂ ရှက်ဖီးဝင်းစ်ဒေး
ဒါဘီ ၃-၁ ဘရန့်ဖို့ဒ်
အစ်ဝစ်ချ် ဝ-၀ ဘော်လ်တန်
လိဒ်စ် ၁-၂ ဘာမင်ဂမ်
မစ်ဒယ်ဘရော့ ဝ-၀ ဆွမ်ဆီး
နော်တင်ဟမ် ၁-၀ ရော့သာဟမ်
ရက်ဒင်း ၃-၀ ဟားလ်စီးတီး
ရှက်ဖီးယူနိုက်တက် ၃-၂ ပရက်စတန်
စတုတ်စီးတီး ၂-၃ ဘလက်ဘန်း
ဝက်စ်ဘရွန်း ၂-၀ မီဝေါလ်

Most Read

Most Recent