ဆာလာထံမှ ပြီးခဲ့သည့်ရာသီ သွင်းဂိုးအရေအတွက်ကို မမျှော်လင့်ဟု ကလော့ပ် ဝန်ခံ

ဆာလာထံမှ ပြီးခဲ့သည့်ရာသီ သွင်းဂိုးအရေအတွက်ကို မမျှော်လင့်ဟု ကလော့ပ် ဝန်ခံ
Published 22 September 2018

(Photo by Paul ELLIS / AFP)

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အဓိကကစားသမား ဆာလာထံမှ ပြီးခဲ့သည့်ရာသီပုံစံအတိုင်း သွင်းဂိုးအမြောက်အမြားရရှိရန် အသင်းအနေဖြင့် မမျှော်လင့်ထားကြောင်း ဝန်ခံခဲ့သည်။

ထို့ပြင် ကလော့ပ်က သူ၏ရှေ့တန်းကစားသမားသည် ဘေးကျပ်နံကျပ်ကာလတစ်ခုကို ဖြတ်သန်းနေရကြောင်းလည်း အရွှန်းဖောက်ခဲ့သည်။

(၂၆)နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်ကစားသမားမှာ ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအတွက် (၄၄)ဂိုး သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး(ရွှေဖိနပ်)ဆုကိုလည်း ဆွတ်ခူးခဲ့သည်။

ဆာလာသည် လက်ရှိရာသီ ပြိုင်ပွဲစုံ (၆)ပွဲကစားအပြီးတွင် (၂)ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့သည့်ရာသီကထက် (၁)ဂိုးသာလျော့နည်းလျက်ရှိသည်။

(Photo by Paul ELLIS / AFP)

'' ဆာလာရဲ့ပြီးခဲ့တဲ့ရာသီအစကို သတိရတဲ့သူ တစ်ဦးတစ်ယောက်မှမရှိပါဘူး။ ကျွန်တော်တို့မှာ ဘာပြဿနာမှမရှိတာ အမှန်ပါပဲ။ တကယ်တမ်းမှာ လူတိုင်းက သူ့ထံကနေ ဒါကို မျှော်လင့်နေတာပါ။ ဒါက ရှင်းပါတယ်။ ကျွန်တော်တို့ကတော့ မမျှော်လင့်ပါဘူး။ ဖြစ်နိုင်ရင်တော့ မကြာခဏပဲ သူဂိုးသွင်းနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ခံစစ်ကြောင်းကိုကြည့်ရင်တော့ ပြီးခဲ့တဲ့(၂)ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံရခဲ့ပါတယ်။ လူတိုင်းကတော့ သူ့(ဆာလာ)အကြောင်း ပြောနေကြတယ်။ လက်ရှိအခြေအနေမှာလည်း သူဟာ ကလပ်အသင်းအတွက် အသင့်ဖြစ်နေသူပါ။ တိုက်စစ်ကစားသမားတိုင်းက ဂိုးမသွင်းနိုင်တဲ့ အချိန်ဆိုတာရှိပါတယ်။ ဒါက သာမန်အခြေအနေပါပဲ။ ဒါပေမဲ့ သူက ပြီးခဲ့တဲ့(၂)ပွဲစလုံးမှာ အကောင်းဆုံးပုံစံနဲ့ ခြိမ်းခြောက်နိုင်နေတုန်းပါပဲ'' ဟု ကလော့ပ်က စက်တင်ဘာ ၂၁ ရက်တွင်ပြုလုပ်ခဲ့သည့် ဆောက်သမ်တန်နှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆာလာသည် သြဂုတ်လက ဝက်စ်ဟမ်းနှင့်ကစားသည့်ပွဲတွင် အသင်း၏ယခုရာသီအဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ပြီးခဲ့သည့်(၄)ပတ်က ကစားခဲ့သည့် ဘရိုက်တန်နှင့်ပွဲတွင် ဂိုးသွင်းပြီးကတည်းက ဂိုးပေါက်ပျောက်ဆုံးလျက်ရှိသည်။

 

Most Read

Most Recent