စပိန်လာလီဂါပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်
Published 22 September 2018

ဗယ်လက်ကာနို နှင့် အလာဗတ်စ် (စနေညနေ ၅း၃၀ နာရီ)

နှစ်သင်းစလုံး ခံစစ်ကို သတိထားကစားတဲ့အသင်းတွေ ဖြစ်နေတယ်။ အထူးသဖြင့် အလာဗတ်စ်ဟာ အဝေးကွင်းမှာ ခံစစ်ကို ပိုသတိပြုကစားလာနေတဲ့အပြင် နောက်ဆုံးအဝေးကွင်းပွဲမှာလည်း ဗယ်လာဒိုလစ်လို ခံစစ်မာတဲ့အသင်းကို အနိုင်ရအောင် ကစားပြနိုင်တယ်။ အိမ်ရှင်အမြင့်ဆုံး သရေပါပဲ။

ဆယ်လ်တာဗီဂို နှင့် ဗယ်လာဒိုလစ် (စနေည ၈း၄၅ နာရီ)

တိုက်စစ်ဖွင့်ကစားနေတဲ့ ဆယ်လ်တာဗီဂိုကို ဗယ်လာဒိုလစ်ခံစစ် ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ စောင့်ကြည့်ရမယ့်ပွဲပါ။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရတော့ ဗယ်လာဒိုလစ်အတွက်ခက်ခဲပါတယ်။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲရွေးချင်တယ်။

အီဘာ နှင့် လီဟာနက်စ် (စနေည ၈း၄၅ နာရီ)

အီဘာကစားပုံက တစ်ပွဲပြီးတစ်ပွဲတိုးတက်မှုပြလာနိုင်ပါပြီ။ အဝေးကွင်းမှာ အက်သလက်တီကိုကို သရေရအောင်ကစား ပြသွားနိုင်တဲ့ ခြေစွမ်းမျိုးနဲ့ဆိုရင်တော့ အဝေးကွင်းအားနည်းတဲ့ လီဟာနက်စ်ကိုလည်းနိုင်ဖို့မခက်ပါဘူး။ အီဘာနဲ့ ဂိုးအများပါပဲ။

ဂီတာဖေး နှင့် အက်သလက်တီကို (စနေည ၁၁း၀၀ နာရီ)

နည်းပြ ဆီမြွန်နီကတော့ ဖိအားနည်းနည်းတော့ ဝင်နေပါပြီ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ငွေသုံးပြီး အသင်းကို အပြောင်းအလဲတွေလုပ်ထားပေမယ့် အက်သလက်တီကိုရဲ့ရာသီအစရလဒ်ပိုင်းက သိပ်အဆင်မပြေသေးဘူး။ အထူးသဖြင့် (၄)ပွဲမှာ (၃) ဂိုးသာသွင်းနိုင်သေးတဲ့ တိုက်စစ်က အားရစရာသိပ်မရှိလှသေးသလို၊ (၁)ပွဲသာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပြီး ကျန် (၃)ပွဲမှာ (၄)ဂိုးအထိပေးခဲ့ရတဲ့ ခံစစ်ကစားပုံကလည်း အက်သလက်တီကိုမှ ဟုတ်ရဲ့လားလို့ ထင်စရာပါပဲ။ အခုရင် ဆိုင်ရမယ့် ဂီတာဖေးကလည်း ရီးယဲလ်မက်ဒရစ်နဲ့ အဝေးကွင်းပွဲမှာပဲ (၂)ဂိုးပေးခဲ့ရပြီး ကျန်ပွဲတွေကို ပေးဂိုးမရှိအောင် ကစားပြထားတဲ့အသင်းဖြစ်လို့ လတ်တလော အက်သလက်တီကိုရဲ့တိုက်စစ်နဲ့ဆို ဂိုးရဖို့ရုန်းကန်ရဦးမယ့်ပုံပေါ်နေတယ်။ ကစားရမှာလည်း ဂီတာဖေးကွင်းမှာဖြစ်နေတဲ့အပြင် ဒီပွဲမတိုင်ခင် မိုနာကိုနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ သွားနွှဲထားရလို့ အက်သလက်တီကို ရာနှုန်းပြည့်ကြံ့ခိုင်နေဖို့ကလည်း မလွယ်လှဘူး။ ဒါပေမဲ့ ဂီတာဖေးကလည်း ခံစစ်ပိုင်းငြိမ်သလောက် တိုက်စစ်က ဂိုးရဖို့ ရုန်းနေရ သေးတဲ့အသင်းဖြစ်နေတယ်။ ဒီပွဲတော့ နိုင်ပွဲလည်း ပြန်ရှာဖို့ လိုအပ်နေပြီဖြစ်တဲ့ အက်သလက်တီကိုကိုပဲ ဦးစားပေးထားရမယ်။

ရီးယဲလ်မက်ဒရစ် နှင့် အက်စ်ပန်ညို (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

(Photo by GABRIEL BOUYS / AFP)

ပွဲစဉ် (၄)မှာ ဘီလ်ဘာအိုကို သရေကျသွားပြီးနောက် ရီးယဲလ်ပရိသတ်တွေရဲ့ စပိန်လက်ရွေးစင်နည်းပြ အင်းနရစ်ကို ဝေဖန်မှုတွေ ထွက်လာတယ်။ စပိန်နဲ့ ခရိုအေးရှားအသင်းတို့ရဲ့ပွဲစဉ်မှာ ရီးယဲလ်ကစားသမား (၆)ဦးအထိ ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး ပွဲချိန်ပြည့်ကစားခိုင်းခဲ့မှုက ဘီလ်ဘာအိုနဲ့ပွဲအပေါ် ရိုက်ခတ်မှုရှိအောင် ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်တစ်ယောက် တမင်ဖန်တီးခဲ့သလို ဝေဖန်စွပ်စွဲပြစ်တင်ခဲ့ကြတယ်။ ရီးယဲလ်နည်းပြ လိုပယ်တယ်ဟီဟာ ဘီလ်ဘာအိုနဲ့ပွဲမှာ အဆန်စီယိုနဲ့ ရာမို့စ်တို့ (၂)ဦးကိုပဲ ပွဲထွက်ကစားသမားအဖြစ်အသုံးပြုခဲ့ပေမယ့် ကျန်ကစားသမားအများစုကလည်း နိုင်ငံပွဲတွေ ပြန်ကစားပေးထားကြရတဲ့သူတွေဖြစ်နေလို့ ရီးယဲလ်ရဲ့ကစားပုံက အင်အားပြည့်မရှိသလို ဖြစ်သွားခဲ့တာပဲဖြစ်တယ်။ ဒါပေမဲ့ ရီးယဲလ်ဟာ တစ်ပွဲပြီးတစ်ပွဲ အသင်းလိုက်ပုံစံကောင်းတစ်ခုကို ထုတ်ပြလာနိုင်တာကိုတော့ တွေ့နေရတယ်။ အက်စ်ပန်ညိုဟာ ဒီရာသီ နည်းပြသစ် ရူဘီလက်ထဲမှာ တိုးတက်မှုပြနေပေမယ့် အဝေးကွင်းမှာတော့ နိုင်ပွဲရဖို့ ရုန်းကန်နေရသေးတယ်။ ဒီပွဲလည်း အစဉ်အလာအရ အိမ်ကွင်းမှာ အမြဲလိုလိုအသာရအောင် ကစားနိုင်တဲ့ ရီးယဲလ်မက်ဒရစ်ကိုပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။

 

Most Read

Most Recent