ပိုဗက်ကင်နှင့်ပွဲမှာ ဒုတိယမြောက် အခက်ခဲဆုံးပွဲဖြစ်ပြီး ဖိအားများ တန်နှင့်ချီ၍ရှိကြောင်း ဂျိုရှူအာ ဝန်ခံ

ပိုဗက်ကင်နှင့်ပွဲမှာ ဒုတိယမြောက် အခက်ခဲဆုံးပွဲဖြစ်ပြီး ဖိအားများ တန်နှင့်ချီ၍ရှိကြောင်း ဂျိုရှူအာ ဝန်ခံ
Published 22 September 2018

WBA (စူပါ)၊ WBO နှင့် IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာက ရုရှားလက်ဝှေ့သမား အလက်ဇန္ဒားပိုဗက်ကင်နှင့် ထိုးသတ်မည့်ပွဲမှာ မိမိအတွက် ဒုတိယမြောက် အခက်ခဲဆုံးပွဲ ဖြစ်ပြီး ဖိအားပမာဏမှာလည်း တန်နှင့်ချီ၍ရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြားသည်။

ဂျိုရှူအာနှင့် ပိုဗက်ကင်တို့၏ ဟဲဗီးဝိတ်ချန်ပီယံ စိန်ခေါ်ပွဲကို စက်တင်ဘာ ၂၂ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း) တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ပရိသတ် ၈၀,၀၀၀ ကျော် ဝင်ဆံ့သည့် ဝင်ဘလေအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယင်းပွဲအတွက် နောက်ဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲနှင့် ဝိတ်ချိန်သည့်အခမ်းအနားကို စက်တင်ဘာ ၂၁ ရက်ကပြုလုပ်ခဲ့ပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဂျိုရှူအာက “ဖိအားတွေတော်တော်များပါတယ်။ တန်နဲ့ချီပြီးတော့ရှိတာပါ။ ဒါက အမှန်တရားပါပဲ။ တည်ငြိမ်အောင်လုပ်နေပေမဲ့ စိတ်ထဲမှာတော့ ဖိအားတွေရှိနေတာ အမှန်ပါပဲ။ ဒါက ပွဲတိုင်းဖြစ်နေကျပါ။ အကောင်းဆုံးထက် ပိုကောင်းအောင် ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ အနိုင်ရဖို့နည်းလမ်းရှာပြီးတော့ ပြိုင်သွားမှာပါ။ ကျွန်တော့်ရဲ့ဝမ်းဗိုက်ထဲမှာ အားတွေ အများကြီးရှိတာ သိပါတယ်။ ဒါက ကျွမ်းကျင်မှုလိုပဲ အရေးကြီးပါတယ်။ ကျွမ်းကျင်မှုနဲ့ နည်းဗျူဟာတွေ ဖယ်ထားမယ်ဆိုရင် ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ နက်ရှိုင်းတဲ့ နှလုံးသားတစ်ခုစီရှိပါတယ်။ ဒီအချက်ကို ကလစ်ရှ်ကိုနဲ့ပွဲမှာ နှစ်ယောက်စလုံးပြခဲ့ပြီးသားပါ။ ကျွန်တော်တို့ထဲမှာ တစ်ယောက်ကတော့ အခက်ခဲဆုံးအောင်မြင်မှုကို ရယူနိုင်မှာပါ။ ဒီပွဲက ကျွန်တော့်ဘဝအတွက် ဒုတိယမြောက် အခက်ခဲဆုံးပွဲဆိုရင်လည်း ဟုတ်ပါတယ်”  ဟု ပြောကြားသည်။ ထို့ပြင် ၎င်းက“ဝင်ဘလေကိုပြန်လာရတာ ဘုရားသခင်ရဲ့ စောင်မမှုကြောင့်ပါပဲ။ စွမ်းဆောင်ရည်ပြရမယ့်အချိန် ရောက်လာပါပြီ။ ဒီနေရာက ကျွန်တော့်အတွက်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့အိမ်လိုပဲ ခံစားရပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ပိုဗက်ကင်ကလည်း “ဒီဝိတ်တန်းမှာ ဂျိုရှူအာက အကောင်းဆုံးတစ်ယောက်ပါ။ အန်သိုနီက အရမ်းသန်မာတဲ့ တိုက်ခိုက်ရေးသမားပါ။ ဒါပေမဲ့ ကျွန်တော်ကလည်း သန်မာတဲ့သူပါ။ ကလစ်ရှ်ကိုနဲ့ထိုးတုန်းက ကျွန်တော့်ဆီမှာ အားနည်းချက်တွေ အများကြီးပဲ။ အခုတော့ ပိုကောင်းတဲ့ပုံစံရနေပါပြီ” ဟု ပြောကြားသည်။ ဂျိုရှူအာ (၂၈ နှစ်) သည် ပရော်ဖက်ရှင်နယ် ပွဲစဉ်စုစုပေါင်း ၂၁ ပွဲထိုးသတ်ထားရာ ပွဲအားလုံးအနိုင်ရသည့်အပြင် အလဲထိုးပွဲ ၂၀ အထိရရှိထားသူဖြစ်ပြီး ပိုဗက်ကင် (၃၉ နှစ်) မှာလည်း ၃၅ ပွဲထိုးသတ်ရာ ၃၄ ပွဲ နိုင်၊ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

Most Read

Most Recent