ပရီးမီးယားလိဂ်ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
Published 22 September 2018

ဖူလ်ဟမ် နှင့် ဝက်ဖို့ဒ် (စနေညနေ ၆း၀၀ နာရီ)

ဖူလ်ဟမ်ရဲ့ ခံစစ်က စိတ်မချရဘူး။ အိုဒူအီက အမှားများပြီး မော်ဆန်ကလည်း အထလေးတယ်။ သူတို့နှစ်ဦးအကြားမှာ နားလည်မှုအားနည်းနေသလို ကွင်းလယ်ခံစစ်ကစားတဲ့ မက်ဒေါ်နယ်လ်ကလည်း အရည်အသွေးမြင့် ကစားသမားမဟုတ်ဘူး။ ခံစစ်ကို Covering လုပ်တဲ့အပိုင်းမှာအားနည်းတယ်။ ဝက်ဖို့ဒ်က မန်ယူကို ရှုံးခဲ့ပေမယ့် ခြေစွမ်းမဆိုးပါဘူး။ ဝက်ဖို့ဒ် ရလဒ်ကောင်းပြန်ယူလိမ့်မယ်။

ဘန်လေ နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)

ဘန်လေရဲ့လူအင်အားက မညံ့ပါဘူး။ ရလဒ်တွေကတော့ စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားနေတယ်။ မနှစ်ကခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေထဲမှာ တာကောစကီးတစ်ယောက်ပဲ ပုံမှန်ခြေရှိပြီး ဘန်မီး၊ ဟန်းဒရစ်၊ ဂူမန်ဆန်တို့အားလုံး ခြေပျက်နေကြတယ်။ ဘုန်းမောက်က တိုက်စစ်ကောင်းပြီး လက်စတာ၊ ဝက်စ်ဟမ်း၊ အဲဗာတန် (၃)ပွဲမှာ (၈)ဂိုးရတယ်။ ဒီပွဲလည်း ဘုန်းမောက်ပဲကြိုက်တယ်။

လီဗာပူးလ် နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

 (Photo by Paul ELLIS / AFP)

လီဗာပူးလ်က ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် စုစုပေါင်း (၆)ပွဲ စလုံးကို အနိုင်ကစားထားတယ်။ ခြေစွမ်းရော၊ စိတ်ဓာတ်ပိုင်းပါ ပြည့်စုံနေပြီး ခြေချော်လက်ချော်ဖြစ်လေ့ရှိတဲ့ ပွဲတွေမှာလည်း သတိကြီးကြီးထားပြီး အနိုင်ကစားနေတာတွေ့ရတယ်။ ပရီးမီးယားလိဂ်မှာတော့ ရာသီအဖွင့် (၄-ဝ)နဲ့နိုင်ပြီးကတည်းက တစ်ပွဲ(၂)ဂိုးနှုန်းပဲသွင်းနိုင် သလို၊ PSG နဲ့ကစားထားတာကြောင့် ဒီပွဲလည်း (၂-ဝ)လောက်ဖြစ်နိုင်တယ်။

ကာဒစ်ဖ် နှင့် မန်စီးတီး (စနေည ၈း၃၀ နာရီ)

ချယ်လ်ဆီးနဲ့ပွဲမှာ မြင်ခဲ့ရတဲ့ ကာဒစ်ဖ်ရဲ့ကစားပုံက သာမန်အဆင့်ထက်မပိုဘူး။ ပရီးမီးယားလိဂ်အသင်းတွေမှာ မြင်ရလေ့ရှိတဲ့ တစ်ဦးချင်းနည်းစနစ်ပိုင်းထူးချွန်မှုက အားနည်းပြီး အသင်းလိုက် နည်းဗျူဟာအနေနဲ့ ခံစစ်ကို အားပြုကစားတာပဲရှိတယ်။ မန်စီးတီးက ပြိုင်ဘက်ကို လွယ်လွယ်ကူကူစိုးမိုးနိုင်ပြီး ဂိုးရဖို့ သိပ်မခက်တဲ့အသင်းလည်းဖြစ်တယ်။ အဝေးကွင်းဆိုပေမယ့် မန်စီးတီးပဲ နိုင်ပွဲရလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် နယူးကာဆယ် (စနေည ၈း၃၀ နာရီ)

ပဲလေ့စ်တိုက်စစ်ပိုင်းမှာ ကစားသမားကောင်းတွေရှိပေမယ့် ရှိသင့်တဲ့ခြေစွမ်းရှိမနေကြဘူး။ ဒါကြောင့် ဇာဟာကိုပဲ အားကိုးနေရပြီး ဇာဟာရပ်တန့်သွားရင် အသင်းရဲ့တိုက်စစ်ကလည်း ရပ်တန့်သွားတာတွေ့ရတယ်။ လူအင်အားအရရော၊ ခြေစွမ်းအရပါ နယူးကာဆယ်ထက် ပိုကောင်းတဲ့အသင်းဖြစ်ပြီး ပုံမှန်ခြေစွမ်းပြနိုင်ရင် နိုင်ဖို့များပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှုမှာ နယူးကာဆယ်သာခဲ့ပေမယ့် ဒီပွဲတော့ ပဲလေ့စ်ပဲကြိုက်တယ်။

လက်စတာ နှင့် ဟတ်ဒါဖီးလ် (စနေည ၈း၃၀ နာရီ)

လက်စတာက မာရက်ဇ်မရှိတဲ့ ပြဿနာကို ရင်ဆိုင်ရမယ်ထင်ရပေမယ့် အခုအချိန်အထိတော့ ပြဿနာတက်နေတာက ခံစစ်ဖြစ်ပြီး ဂိုးတွေကရနေတုန်းပဲ။ ဗာဒီက တစ်ချက်ကောင်းလောက်ပဲ အားကိုးရပြီး ဂိုးပုံမှန်သွင်းတဲ့ကစားသမားမဟုတ်တာတောင် လက်စတာဂိုးတွေသွင်းနေတာချီးကျူးရမယ်။ ဒါပေမဲ့ ရလဒ်ပိုင်းကျဆင်းနေပြီး ခံစစ်ညံ့တယ်။ ဒီပွဲလည်း လက်စတာနိုင်ဖို့များပေမယ့် ဂိုးအပြန်အလှန်သွင်းကြမယ်ထင်တယ်။

 

မန်ယူ နှင့် ဝုလ်ဗ် (စနေည ၈း၃၀ နာရီ)

(Photo by Fabrice COFFRINI / AFP)

မန်ယူက Physicality ကို ပြန်ဦးစားပေးနေပြီး လူဟောင်းတွေကိုပဲ ဦးစားပေးနေတယ်။ ရိုးရှင်းထိရောက်တဲ့ ကစားဟန်နဲ့ နိုင်ပွဲတွေကို ပုံဖော်နေပြီး ပိုပြီးအားကောင်းလာတာလည်းတွေ့ရတယ်။ ဝုလ်ဗ်ကလည်း ခြေစွမ်းပြနေတဲ့အသင်းဖြစ်ပြီး မန်စီးတီးနဲ့သရေပွဲ၊ ဝက်စ်ဟမ်းနဲ့နိုင်ပွဲတွေက ချီးကျူးစရာပါ။ ဒါပေမဲ့ မန်ယူရဲ့ကစားဟန်က ဝုလ်ဗ်ကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ မန်ယူ နိုင်ပွဲဆက်ဦးမယ်။

ဘရိုက်တန် နှင့် စပါး (စနေည ၁၁း၀၀ နာရီ)

စပါးက ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်နဲ့ ချန်ပီယံလိဂ်ပါ ထည့်တွက်ရင် (၃)ပွဲဆက် ရှုံးခဲ့တယ်။ အသင်းရဲ့ ယုံကြည်မှုကို ကျဆင်းစေဖို့ လုံလောက်တဲ့အခြေအနေဖြစ်နေတယ်။ ကစားပုံက ဟန်ချက်ညီသလို၊ အားကောင်းတဲ့ကွင်းလယ်လည်း ရှိတယ်။ ဒါပေမဲ့ ပြဿနာက မပေးသင့်တဲ့ဂိုးတွေပေးနေရတာပဲ။ ဘရိုက်တန်က အိမ်ကွင်းမှာ ဂိုးမြူးပြီး မန်ယူကိုနိုင်၊ ဖူလ်ဟမ်ကို သရေကစားခဲ့တယ်။ ဒီပွဲလည်း စပါးကို ဒုက္ခပေးနိုင်တယ်။