ပယ်နယ်တီ ကန်သွင်းခွင့်ပေးထားသည့် အသင်းဖော်များနှင့် နည်းပြကို ပေါ့ဘာ ကျေးဇူးတင်

ပယ်နယ်တီ ကန်သွင်းခွင့်ပေးထားသည့် အသင်းဖော်များနှင့် နည်းပြကို ပေါ့ဘာ ကျေးဇူးတင်
Published 21 September 2018

Photo: Getty Images

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက ၎င်းအား ပယ်နယ်တီကန်သွင်းရန် ခွင့်ပြုထားသည့် အသင်းဖော်များနှင့် နည်းပြ မော်ရင်ဟိုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာလ (၂၀)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် ယန်းဘွိုင်းစ် (ဝ-၃) မန်ယူပွဲတွင် ပေါ့ဘာသည် မန်ယူအသင်းအတွက် ဒုတိယဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ပေါ့ဘာသည် ယင်းပယ်နယ်တီကို ကန်သွင်းရာတွင် ခြေလှမ်းပေါင်း (၂၆)လှမ်းအထိ အရှိန်ယူကာ ကန်သွင်းခဲ့ရာ မန်ယူအသင်းပရိသတ်များက ဂိုးမဝင်မည်ကို အလွန်စိုးရိမ်ခဲ့ကြောင်း သိရသည်။

ပေါ့ဘာသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပယ်နယ်တီမှတစ်ဆင့် (၃)ဂိုးအထိ သွင်းယူပေးထားပြီး၊ ဘန်လေအား (၂-ဝ)ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်မူ ပယ်နယ်တီ လွဲချော်ခဲ့သည်။

Photo: BT Sport 2

အသက် (၂၅)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက အသင်းနည်းပြ မော်ရင်ဟိုသည် လူကာကူ၊ ဆန်းချက်ဇ်တို့ကို ကျော်ကာ ၎င်းအား ပယ်နယ်တီကန်သွင်းခွင့်ပေးထားကြောင်းနှင့် ယင်းအချက်က ယုံကြည်မှုကို တိုးစေကြောင်း ပြောကြားခဲ့သည်။

ပေါ့ဘာက "ပယ်နယ်တီကန်သွင်းတာနဲ့ ပတ်သက်ပြီး ဘာသံသယမှ ကျွန်တော့်မှာ မရှိပါဘူး။ ဘန်လေနဲ့ပွဲမှာ ကျွန်တော် ပယ်နယ်တီလွဲခဲ့ပါတယ်။ ဂျိုးဟတ်(ဘန်လေဂိုးသမား)က ကျွန်တော့်ရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့တယ်။ ကျွန်တော်အနေနဲ့ အဲလိုအမှား ထပ်လုပ်မှာ မဟုတ်ပါဘူး။ အသင်းဖော်တွေကလည်း ကျွန်တော့်ကို ယုံကြည်ကြတယ်။ သူတို့က ကျွန်တော့်ကို ပယ်နယ်တီကန်သွင်းခွင့်ပေးထားတယ်။ အဲဒီအတွက် သူတို့ကို ကျေးဇူးတင်သလို နည်းပြကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပြကလည်း ပယ်နယ်တီကန်ဖို့ ကျွန်တော့်ကို တာဝန်ပေးထားပါတယ်"ဟု ပြောကြားခဲ့သည်။

ပေါ့ဘာသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၆)ပွဲတွင် (၄)ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

ထို့ပြင် ပေါ့ဘာက ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် (၃)ပွဲဆက်တိုက်အနိုင်ရရှိခဲ့သည့်အတွက် ၎င်းတို့အသင်းမှာ ယုံကြည်မှုပိုမိုခိုင်မာလာခဲ့ပြီး ပိုကောင်းလာကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent