အဂွဲရိုးအား တစ်ပတ်လစာ ပေါင်(၂၂၀၀၀၀)ဖြင့် မန်စီးတီးအသင်း တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

အဂွဲရိုးအား တစ်ပတ်လစာ ပေါင်(၂၂၀၀၀၀)ဖြင့် မန်စီးတီးအသင်း တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို
Published 21 September 2018

Photo: Getty Images

မန်စီးတီးအသင်းသည် ၎င်းတို့၏ အဓိကတိုက်စစ်မှူး အဂွဲရိုးအား တစ်ပတ်လစာ ပေါင် (၂၂၀၀၀၀)ဖြင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် မန်စီးတီးအသင်းနှင့် ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခဲ့သောကြောင့် ၂၀၂၁ ခုနှစ်အထိ ရှိနေတော့မည် ဖြစ်သည်။

အဂွဲရိုးက "သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးက မန်စီးတီးအသင်းမှာ (၁၀)နှစ်အထိ ကစားဖို့ပါ။ ဒီအသင်းမှာ ကျွန်တော် ကစားနေတာ (၇)နှစ် ရှိပါပြီ။ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ဆို (၁၀)နှစ်အထိ ရှိသွားတော့မှာပါ။ အဲလိုဖြစ်လာဖို့လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာပါ"ဟု ပြောကြားခဲ့သည်။

အဂွဲရိုးသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လက စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင်(၃၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

၎င်းသည် မန်စီးတီးအသင်းအတွက် (၈)ရာသီအတွင်း ပြိုင်ပွဲစုံ(၂၉၉)ပွဲတွင် (၂၀၄)ဂိုးအထိ သွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

မန်စီးတီးအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဘီဂရီစတိန်းက အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သည့် အဂွဲရိုးကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

အဂွဲရိုးသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း မန်စီးတီးအတွက် (၅)ပွဲပါဝင်ကစားထားကာ (၃)ဂိုး သွင်းယူပေးထားကြောင်း သိရသည်။