မန်ယူနှင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် ဒီဘရိုင်းနား ပစ်မှတ်ထား

မန်ယူနှင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် ဒီဘရိုင်းနား ပစ်မှတ်ထား
Published 21 September 2018

Photo: Getty Images

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားသည် နိုဝင်ဘာလ (၁၁)ရက်နေ့ ကစားမည့် မန်ယူအသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းနားသည် ပြီးခဲ့သည့် သြဂုတ်လက အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် အနားယူနေသူဖြစ်သည်။

ဒီဘရိုင်းနားသည် အဆိုပါဒဏ်ရာကြောင့် (၄)လခန့် အနားယူရမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း အလျင်အမြန်ပြန်လည်သက်သာလာပြီး ယခုအခါ အပြေးလေ့ကျင့်ခန်းများပင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

၎င်းသည် လာမည့်အောက်တိုဘာလတွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ရန် မျှော်လင့်နေပြီး မန်ယူနှင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် မျှော်လင့်နေခြင်းလည်း ဖြစ်သည်။

Photo: PA

ဒီဘရိုင်းနားက "ကျွန်တော့်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ (၃)၊ (၄)၊ (၅) ပတ်လောက်တော့ လိုအပ်ပါသေးတယ်။မကြာခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းကို ကူညီချင်ပါတယ်။ ကျွန်တော်အနေနဲ့ မန်ချက်စတာဒါဘီမှာ ပြန်ကစားနိုင်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပထမဆုံးမန်ချက်စတာဒါဘီအဖြစ် မန်ယူအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၅)အပြီးတွင် ရှုံးပွဲမရှိသေးဘဲ (၄)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၁၃)မှတ်ဖြင့် အမှတ်ပေးဇယားတွင် ချယ်လ်ဆီး၊ လီဗာပူးလ်တို့နောက် အဆင့် (၃)နေရာ၌ ရပ်တည်နေသည်။

Most Read

Most Recent