ရေပန်းအစားဆုံး ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ နိုင်ပွဲကိုယ်စီရယူခဲ့ပြီး အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တဲ့ ဆီဗီလာ

ရေပန်းအစားဆုံး ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ နိုင်ပွဲကိုယ်စီရယူခဲ့ပြီး အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တဲ့ ဆီဗီလာ
Published 21 September 2018

■ PAOK ဝ-၁ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက ဂရိမြေမှာ သွင်းဂိုးတစ်ဂိုးနဲ့သာ အနိုင်ရခဲ့ပေမယ့် ပွဲကိုစိတ်ကြိုက်စိုးမိုးပြီး အသာစီးယူကစားနိုင်ခဲ့တာပါ။ နည်းပြ ဆာရီက ပွဲထွက်လူစာရင်းကို အပြောင်းအလဲအနည်းငယ် ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ ပတ်ဒရို၊ ဝီလီယံနဲ့ မိုရာတာတို့ ပါဝင်ကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ချယ်လ်ဆီးအသင်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့ပြီး ပွဲစတာနဲ့ တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ (၇)မိနစ်မှာပဲ ဘာကလေရဲ့ ပေးပို့မှုကနေ ဝီလီယံက ဂိုးစ တင်သွင်းယူခဲ့ပြီး ဒါဟာ သူ့အတွက် ဥရောပ ပွဲတွေမှာ ဂိုး(၂၀)မြောက်အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း ဆက်တိုက်ဖိကစားခဲ့ပြီး မိုရာတာ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ PAOK အသင်းကတော့ တန်ပြန်တိုက်စစ်နဲ့သာ တုံ့ ပြန်ခဲ့ပြီး တစ်ပွဲလုံးမှာမှ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်လောက်သာ ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ပွဲချိန်ပြည့်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် တစ်လုံးတည်းသော အနိုင်ဂိုးနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

■ ဆီဗီလာ ၅-၁ စတန်းဒတ်လိဂ်

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရရှိနေကျဖြစ်တဲ့ ဆီဗီလာအသင်းက အုပ်စုအဖွင့်ပွဲမှာ အကောင်းဆုံးပုံစံကို ပြသပြီး ဂိုးပြတ်နိုင်ပွဲရယူခဲ့ပါတယ်။ နည်းပြ မာချင်က လာလီဂါမှာ ရှုံးပွဲဆက်ခဲ့တဲ့အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ဂိုးပေါက်ပျောက်နေတာ ကြာပြီဖြစ်တဲ့ အန်ဒရေဆေးလ်ဗားကို အရန်ခုံပို့ကာ ဘင်ယက်ဒါကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပါတယ်။ ဘင်ယက်ဒါက ဂိုးနှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပေမယ့် ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့သူကတော့ ဝါရင့် ကစားသမား ဘာနီဂါလို့ပဲ ဆိုရမှာပါ။ ဆီဗီလာအသင်းအတွက် ဂိုးတွေကို ဘာနီဂါက (၈၊ ၇၄)၊ ဗက်ဇ်ကေးက (၄၁)၊ ဘင်ယက်ဒါက (၄၉၊ ၇၀) မိနစ်တွေမှာ သွင်းယူခဲ့ပြီး (၃၉)မိနစ်မှာ ဂျီနီပိုက တစ်ဂိုးပြန်ချေပခဲ့ပါတယ်။

■ အာဆင်နယ် ၄-၂ ဗော်ကလာ

ယူကရိန်းကလပ် ဗော်ကလာအသင်းက အာဆင်နယ်နဲ့ အဆင့်ချင်းကွာခြားတာကြောင့် ကစားကွက်မှာ ယှဉ်နိုင်ခြင်းမရှိခဲ့ပေမယ့် ရတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး ဒုက္ခပေးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းက ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲအတော်များများ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ အူဘာမီယန်းနဲ့ ဝဲလ်ဘက်တို့ ပွဲထွက်ခဲ့ပါတယ်။ (၃၂)မိနစ်မှာ အာဆင်နယ်အသင်းအတွက် အူဘာမီယန်းက အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ပထမပိုင်းကစားပုံက အားရစရာ သိပ်မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာမှ ပိုအားထည့်ကစားခဲ့ပြီး (၄၈)မိနစ်မှာ ဝဲလ်ဘက်၊ (၅၆)မိ နစ်မှာ အူဘာမီယန်း၊ (၇၄)မိနစ်မှာ အိုဇေးလ်တို့က ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်အားနည်းချက်တချို့ကြောင့် (၇၆)မိနစ်နဲ့ နာကျင်အချိန်ပိုမှာ (၂)ဂိုးပြန်ပေးခဲ့ရပါတယ်။

ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၁)အခြားရလဒ်များ

ဗီလာရီးယဲလ် ၂-၂ ရိန်းဂျားစ်
ရက်ပစ်ဝီအန် ၂-၀ စပါးတပ်မော်စကို
အာခီဆာစပေါ် ဝ-၁ ခရက်စ်နိုဒါ
မာဆေးလ် ၁-၂ ဖရန့်ဖတ်
လာဇီယို ၂-၁ အပိုလွန်လီမာဆိုးလ်
ရန်းစ် ၂-၁ ယာဘလိုနက်
ဒိုင်နမိုကိဗ် ၂-၂ အက်စ်တာနာ
ဘက်ဆစ်တက် ၃-၁ ဆက်စဘိုး
KRC ဂျန့် ၂-၀ မာလ်မို
ဗီဒီယိုတန် ဝ-၂ BATE
AEK လာနာကာ ဝ-၁ FC ဇူးရစ်ချ်
လူဒိုဂိုရတ်စ် ၂-၃ လေဗာကူဆင်
လိုက်ပ်ဇစ် ၂-၃ ဆာလ်ဇ်ဘာ့ဂ်
ဆဲလ်တစ် ၁-၀ ရိုစင်ဘော့
ဆလားဗီးယားပရပ်ဂ် ၁-၀ ဘော်ဒိုး
FC ကိုပင်ဟေဂင် ၁-၁ ဇင်းနစ်
စပါးတပ်တာနာဗာ ၁-၀ အန်ဒါလက်ချ်
ဒိုင်နမိုဇာဂရက် ၄-၁ ဖီနာဘာချီ
စပို့တင်းလစ္စဘွန်း ၂-၀ ကာရာဘတ်
ဒူဒယ်လန့် ဝ-၁ အေစီမီလန်
အိုလံပီယာကော့စ် ဝ-၀ ဘက်တစ်

 

Most Read

Most Recent